ရှမ်း – ကရင်နီ နယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံး၊ ၃ ဦး အရှင်ဖမ်းမိ

By MPM 16 စက်တင်ဘာ, 2024 👁

ရှမ်းပြည် – ကရင်နီ (ကယား) ပြည်နယ်စပ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ သေဆုံးခဲ့ပြီး ၃ ဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

စက်တင်ဘာ ၅ ရက်နေ့ကစပြီး နှစ်ဖက်တပ်အကြား ၅ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်များ စိုးမိုးထားသည့် တပ်စခန်း၊ ရဲစခန်း၊ စခန်းကုန်းများကို တိုက်ခိုက်ခဲ့ရာခြင်းဖြစ်သည်ဟု လွိုင်ကော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်သုံ့ပန်းကိုလည်း ကျနော်တို့ ဒီ KNDF ရဲ့ စစ်သုံ့ပန်းဌာနကို ပို့ဆောင်ထားလိုက်ပါပြီ။ စစ်ကောင်စီအင်အားတော့ ၂ နေရာ ၃ နေရာလောက်ဖြစ်တော့ များတော့များတာပေါ့နော်။ သူတို့ဘက်က အကျအဆုံး ၂၅/၃၀ လောက် ကျတယ်။ ကျနော်တို့ဘက်တော့ ၄ ယောက်လောက်ကျတယ်။ ကျနော်တို့ Local PDFတော့ ကျတာမရှိဘူးပေါ့နော်” ဟု အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

ယင်းအပြင် စစ်ဆင်ရေးအတွင်း လွိုင်ကော်ဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးတိုက်ပွဲကို လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် (Loikaw Local PDF)၊ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ် (Loikaw PDF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် ရှမ်းတောင်အခြေစိုက်တပ်ဖွဲ့ စသည့်တပ်ရင်းများ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားသည့်ရက်အတွင်း ရှမ်း – ကရင်နီနယ်စပ် လွိုင်လင်လေးမြို့တွင်းရှိ ရပ်ကွက်ထဲကို စစ်ကောင်စီဘက်က ဒရုန်းနှင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၃ ဦး သေဆုံးခဲ့သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

“သေဆုံးတဲ့ ပြည်သူတွေကိုတော့ ဆက်သွယ်ရေးအခြေအနေအရ အသက်အရွယ်နဲ့ ရက်စွဲကိုတော့ မသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ ဖြစ်ခဲ့တာကတော့ တိုက်ပွဲ ၄ ရက်အတွင်းက တစ်ရက်ရက်ပဲပေါ့နော်။ အမျိုးသမီး ၁ ဦး နဲ့ အမျိုးသားပါပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိသူ ဒေသခံ ၅ ဦးရှိပြီး ကလေး ၁ ဦးအပါအဝင် လူလတ်ပိုင်းနှင့် လူကြီးပိုင်းများဖြစ်ကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် လွိုင်ကော်၊ လွိုင်လင်လေးနှင့် ဆီဆိုင်မြို့ လမ်းမကြီးအနီးအနားများအပြင် ဒီးမော့ဆို – လွိုင်ကော် လမ်းမကြီးတလျှောက် စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိသလို တော်လှန်ရေးတပ်ဖွဲ့များနှင့် ကြိုကြား ထိတွေ့မှုရှိတာကြောင့် ပြည်သူများ သတိထားသွားလာကြရန်လည်း KNDF က တိုက်တွန်းပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်)- ပေးပို့သည်။