ရခိုင်ပြည် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ဂန့်ဂေါ်တောင်ဆည်တွင် AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲကနေတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများသည် ဂန့်ဂေါ်တောင်ကျေးရွာသားများကို ဖမ်းဆီးပြီး လူသားဒိုင်းကာလုပ်ထားသည်ဟု ဂွဒေသခံ စစ်ရေးသတင်းရင်းမြစ်တို့က ပြောဆိုသည်။
ဂွဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲအစက ဂန့်ဂေါ်တောင်ဆည်နားမှာဖြစ်တာ။ ဖြစ်ရင်းနဲ့ စစ်ကောင်စီဘက်က အထိနာတော့ ဟိုတနေ့က နောက်ဆုတ်လာပြီး အခုဂန့်ဂေါ်တောင်ရွာဘက်ကို ရောက်လာတယ်။ အဲဒီရွာကိုရောက်တော့ ရွာသားတွေကိုအားလုံးကို ဖမ်းထားတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေကို၊ ပြီးတော့ အဲဒီရွာကနေ ခုခံနေတယ်” ဟု ပြောသည်။
ဂန့်ဂေါ်တောင်ဆည်တိုက်ပွဲကနေ နောက်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ကုလားပြင်ကျေးရွာမှ စစ်ကူလာသည့် စစ်ကြောင်းနှင့်ပေါင်းကာ ဂန့်ဂေါ်တောင်ရွာထဲမှနေ၍ AA ကို ခုခံတိုက်ခိုက်နေသည်ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
“ဂန့်ဂေါ်တောင်ရွာက ချင်းလူမျိုးအများစုနေထိုင်ပြီး ရခိုင်လူမျိုးအနည်းငယ်လည်း နေထိုင်ကြပါတယ်။ ဖမ်းထားတဲ့အထဲက အသက်မပြည့်သေးတဲ့ ကလေးနှစ်ယောက်ကိုလည်း ကြိုးတုတ်ပြီး ကုလားပြင်ဘက်ကို ခေါ်သွားတယ်လို့လည်း သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲမှတပ်ဆုပ်လာသည့် စစ်ကောင်စီတပ်သားများထဲတွင် ဒဏ်ရာရစစ်သားများလည်းပါဝင်ပြီး ကုလားပြင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းအပြင် ဂွအခြေစိုက်တပ်ရင်းနှင့် ဂွရိုးမပေါ်တွင်အထိုင်ချထားသည့် လက်နက်ကြီးအထိုင်စခန်းမှ လက်နက်ကြီးငယ်များဖြင့် တိုက်ပွဲဖြစ်နေသည့် နေရာများကို ပစ်ကူပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ဂန့်ဂေါ်တောင်ကျေးရွာသားများကို ဖမ်းဆီးထားသည့်သတင်းကြောင့် အနီးအနားက ကျေးရွာများက ရွာသားများသည်လည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရမည်စိုး၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြသည်ဟု သိရသည်။
ဂန့်ဂေါ်တောင်အနီးတွင် ဂန့်ဂေါ်တောင်ကျေးရွာ၊ မြတ်မင်္ဂလာကွက်သစ်နှင့် ကျွန်းပင်ချောင်းစသည့် ကျေးရွာများရှိကြောင်း ဒေသခံများက ပြောပါသည်။
ကျိန္တလီမြို့အနီးရှိ ဂန့်ဂေါ်တောင်ဆည်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် စက်တင်ဘာ ၆ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိတွင် တိုက်ပွဲသည် ဂန့်ဂေါ်တောင်ကျေးရွာအနီးသို့ ရောက်ရှိလာသည်ဟု ဒေသခံများက ပြောဆိုကြသည်။
နိရဉ္စရာ ပေးပို့သည်။