ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကမ်းခြေနှင့် ကုလရောင်ကျေးရွာကမ်းခြေတို့တွင် ဒီရေနှင့်အတူမျောပါလာသည့် အမျိုးသားရုပ်အလောင်း ၁၁ လောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါရုပ်အလောင်းများကို စက်တင်ဘာလ ၁၀ ရက်နှင့် စက်တင်ဘာလ ၁၁ ရက် ဒီရေပြည့်ချိန်တွင် ကုလရောင်ကမ်းခြေနှင့် ပန်းတင်ကျွန်းပင်လယ်ကမ်းခြေ ကမ်းစပ်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကုလရောင် (အောင်မင်းချောင်ရွာ) ကမ်းခြေတွင် ရုပ်အလောင်း ၃ လောင်းနှင့် ကုလရောင် (ဒုံးဆိပ်ရွာ)နှင့် တဘက်ကမ်းရှိ ဒေသအခေါ် (ဆားချောင်း) ကမ်းခြေတွင် ၁ လောင်းတို့ကို စက်တင်ဘာ ၁၀ ရက်နေ့နှင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
“၇ လောင်းထဲမှာ ပန်းတင်ကျွန်း၊ ကံဆိပ်ကျေးရွာအနီးမှာ အလောင်း ၄ လောင်းတွေ့ရှိပြီး ပန်းတင်ကျွန်း (အမော်) ခေါ်တဲ့ မော်ဖျားမှာ ၃ လောင်းတွေ့ရှိခဲ့ပါတယ်။ ပန်းတင်ကျွန်းမှာတွေ့တာ ၇ လောင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အလားတူ ကုလရောင်ကမ်းခြေနှင့် သိပ်မဝေးသည့် ပန်းတင်ကျွန်းပင်လယ်ကမ်းခြေတွင်လည်း အမျိုးသားရုပ်အလောင်း ၇ လောင်းကို စက်တင်ဘာ ၁၀ ရက်နေ့နှင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် ပင် တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။
ကုလရောင်ကမ်းခြေတွင်တွေ့ရှိသည့် ရုပ်အလောင်းများမှာ အသက်သုံးဆယ်ဝန်းကျင်အရွယ် လူငယ်အလောင်းများဖြစ်သည်ဟု သိရသည်။
အလောင်းတစ်လောင်းတွင် ဦးခေါင်းပြတ်နေပြီး အလောင်းများအားလုံးမှာ ပုံပျက်ပန်းပျက်ဖြင့် ရောင်ကိုင်းနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
“အလောင်းတွေက လူငယ်တွေချည်းပဲ။ အလောင်းတစ်လောင်းမှာတော့ ခေါင်းပြတ်ကြီး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
အခြားတစ်လောင်း၏ နံရိုးဘေးစပ်တွင်လည်း “ ငါတို့ဘယ်တော့မှမရှုံးစေရဘူး -ီးပဲ” ဟု မြန်မာဘာသာဖြင့် တက်တူးတစ်ခု ရေးထိုးပါရှိကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
“ပန်းတင်ကမ်းခြေမှာ တွေ့တာတွေမှာ အားကစားဝတ်စုံတွေဝတ်ထားတဲ့အလောင်းတွေ။ အသက် သုံးဆယ်နဲ့လေးဆယ်ကြား အရွယ်တွေပါ” ဟု ပြောသည်။
အဆိုပါရုပ်အလောင်းများမှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး ပုပ်ပွလာမည်စိုး၍ ကျေးရွာသားများက မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါရုပ်အလောင်းများမှာ သံတွဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်သိမ်းတိုက်ပွဲမှ မျောပါလာသည့် အလောင်းများဖြစ်နိုင်သည်ဟု ဒေသခံများက ထင်ကြေးပေးနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယခုတွေ့ရှိသည့် အလောင်းများ၏ဓာတ်ပုံများကိုလည်း အလောင်းတွေ့ရှိသည့်နေရာတွင် အင်တာနက်လိုင်းအခက်အခဲကြောင့် တင်ပြနိုင်ခြင်းမရှိပါ။
ပြီးခဲ့သည့်ဇူလိုင် ၂၄ ရက် သံတွဲဒေသ၊ ငပလီကမ်းခြေတိုက်ပွဲများ ပြင်းထန်နေစဥ်ကလည်း တောင်ကုတ်မြို့နယ်၊ ကုလရောင်ကျေးရွာကမ်းခြေတွင် အရပ်ဝတ်နှင့် အမျိုးသားရုပ်အလောင်း ၇ လောင်းကိုလည်း ဒေသခံများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။
နိရဉ္စရာ ပေးပို့သည်။