7 EAO Alliance က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ် ရှာဖွေနေဟုပြောဆို

0
180
ပုံစာ - 7 EAO Alliance အွန်လိုင်းအစည်းအဝေး။

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ၏ ဒုတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပခဲ့ရာတွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု အစည်းအဝေးတက်ရောက်သူတို့ထံက သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေး ဒုတိယအကြိမ်ကို စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ အွန်လိုင်းကတဆင့် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ အကြပ်အတည်းမှကျော်ဖြတ်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု ဆိုကြသည်။

7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က “လမ်းသစ်ဆိုတာကလည်းပဲ တခြားတော့မဟုတ်ပါဘူး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပါပဲ။ နိုင်ငံရဲ့ လက်ရှိပကတိ အနေအထားအရ ဟိုဘက်ဒီဘက်ပေါ့ပေါ့ပါးပါးနဲ့ လိုက်ပါဆောင်ရွက်လို့ရအောင် ကျနော်တို့ EAO (၁၂) ဖွဲ့က သဘောတူထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူ (၂၄) ချက်ကို ဆွေးနွေးဖို့စဉ်းစားထားတယ်” ဟု ပြောဆိုသည်။

အွန်လိုင်းဖြင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည့် 7 EAO Alliance ဦးဆောင်မှုကော်မတီ အစည်းအဝေးသို့ အဖွဲ့ဝင်အဖွဲ့အစည်း (၇) ဖွဲ့မှ ခေါင်းဆောင်များအားလုံး တက်ရောက်ပြီး အတွင်းရေးမှူးအဖွဲ့မှ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဆွေးနွေးတာနဲ့ပဲ အချိန်ကုန်တာ မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးတွဲပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကိုလည်း အဲ့လိုဆွေးနွေးရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေရှိတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတဝှမ်း ထွက်ပေါ်လာနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အနာဂတ်အတွက် နဂို စဉ်းစားချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေးအတွက်လည်း စတင်ပြောဆိုရန် စဉ်းစားချက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်တွင် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) က 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့နှင့်လည်း သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြသည်။

NSPNC နှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးစောကျော်ညွန့်က “တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်၊ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ တက်တဲ့အခါကျတော့ 7 EAO Alliance (၇) ဖွဲ့ထဲမှာကတော့ RCSS တစ်ဖွဲ့တော့ မတက်နိုင်ခဲ့ဘူး။ ကျန်တဲ့ ၆ ဖွဲ့စလုံးက တက်ဖြစ်ပါတယ်။ မှန်ပါတယ် NSPNC နဲ့ တွေ့ဆုံတာ” ပြောသည်။

လာမည့် အောက်တိုဘာလထဲတွင် စစ်ကောင်စီလက်အောက်ခံ NSPNC ၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့နှင့် ထပ်မံတွေ့ဆုံရန်ရှိပြီး NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့် အခမ်းအနားနှင့် သက်ဆိုင်ခြင်း ရှိမရှိကို မသိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီး စုဖွဲ့မှုပုံစံအသစ်အဖြစ် “7 EAO Alliance” ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

7 EAO Alliance မဟာမိတ်အဖွဲ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်ပါသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here