ဝိုင်းမော်မြို့၊ လမြန်ရွာအနီးဆုတောင်းတောင်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ တပ်စွဲရန်ပြင်ဆင်နေ

0
205
ပုံစာ - ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင်မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားများ။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ရွာရှိ ဆုတောင်းတောင်တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ် ပူးပေါင်းတပ်တို့ တပ်စွဲနေရာယူရန် ပြင်ဆင်နေကြောင်း ဝိုင်းမော်၊ ဝူယန်ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် ဝိုင်းမော်မြို့ အထိုင်တပ်ဖြစ်သည့် ခလရ ၅၈ တပ်ရင်းနှင့် ဝူယန်ရွာတွင် အထိုင်ချထားသည့် ပြည်သူ့စစ်အဖွဲ့ဆီ စစ်အင်အားတောက်လျှောက် ဖြည့်တင်းနေပြီး ဆုတောင်းတောင်အထိ တပ်စွဲရန် ပြင်ဆင်လာခြင်းဖြစ်သည်ဟု ဝူယန်ဒေသခံတစ်ဦးက အခုလို ပြောပါသည်။

“ရွာနားက အမြင့်ဆုံးတောင်လို့ပြောလို့ရတယ်၊ လမြန်ရွာနဲ့နီးသလို ဝူယန်ရွာနဲ့လဲနီးတယ်။ တော်တော်မြင့်တယ် အခုအဲမှာ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေထိုင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ တောင်ခြေမှာတော့ KIA ပူးပေါင်း တပ်တွေရှိတော့ အဲဒီနေရာကို ယူနိုင်ဖို့ စစ်ကြောင်းထိုးနေတာ အဲဒါကြောင့်တိုက်ပွဲဖြစ်နေတာ” ဟု အဆိုပါ ဝူယန်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဘက်က ဆုတောင်းတောင်တွင် တပ်စွဲနိုင်ရန် စစ်ကြောင်းထိုးနေပြီး KIA ပူးပေါင်းတပ်ဘက်ကလည်း ထိုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုရှိနေတာကြောင့် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယခုလို စစ်ကြောင်းထိုးလာသည်နှင့် တဆက်တည်း ဝူယန်၊ လမြန် စသည့် ကျေးရွာများ အနီးဝန်းကျင်တွင်လည်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့ စစ်ရေးလှုပ်ရှားမှုနှင့်အတူ တိုက်ပွဲဆက်တိုက်ဖြစ်နေခြင်းကြောင့် ဒေသခံများလည်း တိမ်းရှောင်ထွက်ပြေးနေရကြောင်း ၎င်းတို့ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲများသည် ရွာအတွင်း၊ ရွာအပြင်ပ၌ ဖြစ်ပွားနေပြီး နှစ်ဖက်တပ်အကြား ပစ်ခတ်သည့် လက်နက်ကြီးလက်နက်ငယ်များ ကျရောက်ပေါက်ကွဲတာကြောင့် ရွာထဲရှိ ဒေသခံနေအိမ်အများအပြား မီးလောင်ပျက်စီးပြီး အများဆုံး မီးလောင်ပျက်စီးမှုအပိုင်းသည် ရွာအောက်ပိုင်းရပ်ကွက်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာအောက်ပိုင်းအိမ်တွေ ကုန်သလောက်ရှိနေပြီ။ တချို့အိမ်တွေ ဘာမှမကျန်ဘူး မီးလောင်တဲ့ထဲပါကုန်တာ။ တချို့အိမ်တွေတော့ လက်နက်ကြီးထိထားတာတွေရှိတယ်လို့” ဟု ဝူယန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်လက်နက်ကိုင်တပ်အကြား စစ်ရေးတင်းမာနေခြင်းအပြင် ရံဖန်ရံခါ လမ်းပိတ်ထားမှုလည်းရှိနေတာကြောင့် ဒေသခံပြည်သူများမှာ နေအိမ်များကို ခဏတဖြုတ် ပြန်သွားကြည့်ရန်ပင် ခက်ခဲနေကြသည်ဟု ပြောဆိုသည်။

လမြန်ကျေးရွာသည် ဝူယန်ကျေးရွာအုပ်စုဝင် ကျေးရွာတခုဖြစ်ပြီး တဆက်တည်းရှိသော ကျေးရွာလည်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် မြို့စောင့်တပ်ဖြစ်သည့် ခလရ ၅၈ တပ်ရင်းမှာ ဝိုင်းမော်မြို့အတွင်း နောက်ဆုံးကျန်ရှိနေသည့် တပ်ရင်းဌာနချုပ်လည်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေသည့် ဝူယန်၊ လမြန်ရွာအပါအဝင် နမ့်ဝါ၊ မုတ်ကျိတ်၊ ဝါရှောင်ရွာတို့သည် တရုတ်နယ်စပ်ဖြစ်သည့် ဆဒုံး- ကန်ပိုက်တည်၊ ချီဖွေ- ပန်ဝါ သွားသည့် လမ်းကြောင်းပေါ်ရှိတွင်ရှိသော ကျေးရွာများလည်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်က စတင်လာခဲ့သည့် KIA ပူးပေါင်းတပ်တို့ စစ်ဆင်ရေးအတွင်း ဝိုင်းမော်-လိုင်ဇာ-ဗန်းမော်မြို့ကို သွားလာသည့် လမ်းမတလျှောက်တွင်ရှိသည့် ရွှေညောင်ပင်၊ အောင်မြေ- ၁ ၊ အောင်မြေ- ၂ စစ်ကောင်စီတပ်စခန်းများ အပါအဝင် တပ်စခန်းပေါင်းအများအပြားကို KIA က သိမ်းပိုက်ရရှိထားပြီးဖြစ်သလို တိုက်ပွဲများကြောင့် ရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံများသည်လည်း ယခုထိ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here