ပွင့်ဖြူ – စေတုတ္တရာမြို့နယ်အစပ် ကျေးရွာလမ်းပိုင်းတွင် သွားလာခြင်းမပြုကြရန် ပွင့်ဖြူ ပ.က.ဖ အသိပေး

0
150
Photo - Social Media

မကွေးတိုင်း ပွင့်ဖြူ – စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာများကလမ်းပိုင်းများတွင် သွားလာခြင်းမပြုလုပ်ကြရန် ဒေသခံများအား ပွင့်ဖြူ ပ.က.ဖ က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

ရုန်းပင်ရွာ၊ ရေရင်ရွာ၊ ဝန်လိုရွာ၊ ခိုနန်းရွာနှင့် ကန်ရွာများကို ချိတ်ဆက်ထားသည့် လမ်းပိုင်းများကို စစ်ရေးတင်းမာနေသည့်အတွက် အသုံးမပြုကြရန် ထုတ်ပြန်သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ရက်ကလည်း ပုသိမ် – မုံရွာလမ်းတလျှောက်မှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့်မလို့ မသွားခိုင်းတာဖြစ်ပါလိမ့်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေရင်ရွာနှင့် ရုန်းပင်ရွာတို့သည် ပွင့်ဖြူမြို့နယ်အတွင်း၌တည်ရှိပြီး စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတက်သွားပြီးနောက် မကြာမီ လက်နက်ကြီးပစ်ခတ်သံများကို ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဝန်လို၊ ခိုနန်းနှင့် ကန်ရွာများသည် ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်ကတည်းက တိုက်ပွဲများကြောင့် စစ်ရှောင်နေကြရသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ကြီးသံများကို မြို့ပေါ်ကပါ ကြားနေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီက ဝန်လို၊ ခိုနန်းကျေးရွာများကို စစ်ကြောင်းထိုးစဉ် ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်သည့်အတွက် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here