စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းများ လစာမရရှိကြသည်မှာ ၂ လ ရှိလာပြီဖြစ်ကြောင်း ဗန်းမောက်မြို့ ဌာနဆိုင်ရာဝန်ထမ်း အသိုင်းအဝိုင်းများက ပြောဆိုသည်။
ဗန်းမောက်မြို့ရှိ မီးသတ်ဦးစီးဌာနမှဝန်ထမ်းတစ်ဦးက “ပြီးခဲ့တဲ့လ (ဇူလိုင်) ရော ဒီလ (သြဂုတ်) ရော နှစ်လစာ မထုတ်ပေးနိုင်ဘူးလို့ ပြောတာ။ ဗန်းမောက်ဘဏ်က မထုတ်ပေးနိုင်ဘူးလို့ပြောတာ။ ၇ (ဇူလိုင်) လပိုင်း လစာကလည်း မထုတ်ပေးနိုင်ဘူး။ ၈ (သြဂုတ်) လပိုင်း လစာလည်း မထုတ်ပေးနိုင်ဘူးလို့ ကြားတယ်” ဟု ပြောသည်။
ထိုသို့ဌာနဆိုင်ရာဝန်ထမ်းများ လစာမရရှိသည့် အကြောင်းအရင်းသည် ဗန်းမောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသားပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းကြောင့်ဟုလည်း ၎င်းတို့ထံမှ သိရှိရသည်။
မြန်မာ့စီးပွားရေးဘဏ်သို့ ငွေဖြည့်တင်းရန်အတွက် ခရိုင်မြို့ဖြစ်သည့် ကသာမြို့တွင် သွားရောက်သယ်ယူရသော်လည်း လမ်းကြောင်းပိတ်ဆို့မှုများနှင့် လမ်းပိုင်းတွင် မြို့သိမ်းတိုက်ပွဲကြောင့် သယ်ယူနိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗန်းမောက်မြို့နယ်က ဝန်ထမ်းတချို့သည် ကသာမြို့တွင် လုပ်ခလစာများကို သွားရောက်ထုတ်ယူခဲ့သော်လည်း လက်ရှိတွင် သွားရောက်၍ မရနိုင်တော့ကြောင်း ၎င်းတို့က ပြောဆိုသည်။
ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက “ခါတိုင်းကတော့ ဟိုးအရင်လမ်းကြောကောင်းတုန်းကတော့ ခရိုင်ဘဏ်မှာပဲ လာလာထုတ်ရတယ်လေ။ ဗန်းမောက်ဘဏ်အတွက် ပိုက်ဆံကို ခရိုင်မှာလာယူရတာ။ အခုက တိုင်းရုံးက တိုင်းကနေ ပို့ပေးတာနေမှာ။ မုံရွာကနေ ပို့မယ်နေမှာ၊ ပို့တော့လည်း မုံရွာကနေကြတော့လည်း လေယာဥ်နဲ့ ပို့ရင်ပို့ပါ့အေး၊ တစ်ခြားနည်းနဲ့ သယ်လို့မရဘူးလေ” ဟု ပြောပါသည်။
ကသာခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက်လမ်းများကို တော်လှန်ရေးအင်အားစုများက ပိုမိုစိုးမိုးထိန်းချုပ် လာနိုင်ခြင်းကြောင့် မြန်မာ့စီးပွားရေးဘဏ်၏ ငွေကြေးသယ်ဆောင်ရာမှာ အခက်အခဲရှိလာပြီး ဗန်းမောက် မြို့နယ်အတွက် လိုအပ်သည့်ငွေကြေးတွေကို လေကြောင်း (ရဟတ်ယာဉ်) ဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်အတွင်း၌ လက်ရှိတွင် ဌာနဆိုင်ရာဝန်ထမ်းအင်အားအများဆုံးဖြစ်သည့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆရာဆရာမ အရေအတွက်အားဖြင့် ၃၀၀ ကျော်ရှိကာ မြို့နယ်တစ်ခုလုံးတွင် ဝန်ထမ်းစုစုပေါင်း ၄၀၀ ဝန်းကျင်ဖြင့် လည်ပတ်နေကြောင်း ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဗန်းမောက်မြို့ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။