ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုအပြင် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံနှင့် ကျူးလွန်နေတာကြောင့် ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ရန် နိုင်ငံတကာအဖွဲ့အစည်းများကို ထုတ်ပြန်တောင်းဆိုလိုက်သည်။
နိုင်ငံတကာအဖွဲ့အစည်းများကို ထုတ်ပြန်တောင်းဆိုမှုကို IEC က စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကရင်နီပြည်အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများကို ကင်းလွတ်ခွင့် မရရှိစေဘဲ ကမ္ဘာ့စစ်ခုံရုံး၌ တရားစွဲအပြစ်ပေး အရေးယူနိုင်ရန်လည်း ကြိုးပမ်းသွားမယ်ဟု IEC အတွင်းရေးမှူး – ၁ ဇူးပဒုမ္မာက ပြောဆိုသည်။
“ကမ္ဘာ့စစ်ခုံရုံးတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ဆိုတာက နိုင်ငံတကာရဲ့အမြင်မှာ အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ လူသားမျိုးနွယ်ကို ပျက်စီးဆုံးရှုံးစေတဲ့ ပြစ်မှတ်ထားလုပ်ဆောင်နေတာ ဖြစ်တယ်ဆိုတာ မြင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေက အများကြီး ရှိနိုင်ပါတယ်” ဟု ဇူးပဒုမ္မာက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီကျော်က ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း လအိကျေးရွာရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှင့် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကျောင်းနေအရွယ်ကလေး ၇ ဦး၊ အသက် ၄၀ ကျော်အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
အလားတူ စက်တင်ဘာ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကိုလည်း လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တွဲဖက် အတွင်းရေးမှူး – မူအန်းဂျလာက “အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲ တိုက်ခိုက်တာ အဆိုးရွားကြီး လုပ်ရပ်တွေဖြစ်တယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်အများဆုံး နေထိုင်၊တည်ရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာက လူသား မျိုးနွယ်စု လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ် ကျုးလွန်တာဖြစ်တယ်။ ဒီကျူးလွန်တဲ့ ပြစ်မှုကြီးက လုံးဝ(လုံးဝ) ကျေအေးပေးလို့မရတဲ့ (zero tolerance) ဖြစ်တယ်။ လူထုတော်လှန်ရေးကြီးပြီးသွားတဲ့တချိန်ကျရင် နိုင်ငံတကာဥပဒေနဲ့အညီ ပြစ်ဒဏ်တွေ ပြန်ပေးဆပ်စေရမယ်” ဟု ပြောဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်နီပြည်တွင် ကျူးလွန်သည့်ခစစ်ကောင်စီ၏ လုပ်ရပ်များကို နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies)၊ ဥရောပအဖွဲ့ဝင် နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ (ASEAN) တို့အား အချက် ၄ ချက်နှင့် IEC က တောင်းဆိုထားသည်။
IEC က တောင်းဆိုချက် ၄ ချက်တွင် (၁) အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့အရေးယူရန် ၊ (၂) လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် လေယာဉ်ဆီများ တင်ပို့ရောင်းချပေးမှုကို လုံးဝရပ်တန့်ပေးသွားရန်၊ (၃) စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူမျိုးပြုန်း၊ ဆိတ်သုန်းစေ သော စစ်ရာဇဝတ်မှုများအား ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်၊ (၄) ကရင်နီပြည်သူများအပါအဝင် အတိဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများအားလုံးကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား တိုးချဲ့ပံ့ပိုး ကူညီပေးသွားရန် စတဲ့အချက်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းများက ဖိအားပေးမှု ထိရောက်မှသာလျှင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများကို ကျူးလွန်သည့်လုပ်ရပ် လျော့နည်းလာမှာဖြစ်ကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောသည်။
“သက်ဆိုင်ရာအစုအဖွဲ့တွေ သက်ဆိုင်ရာ နိုင်ငံတကာတွေ ဒီအပေါ်မှာအရေးယူပြီး ဖြစ်ပျက်နေတဲ့ အနေအထားပေါ်မှာ အမြန်ဆုံး အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ဖို့ တွန်းလှန်ဖို့ ကန့်ကွက်ရှုံ့ချဖို့ ပိုပြီးတော့ လုပ်ဖို့ လိုအပ်တယ်ဆိုတာမျိုးတော့ ထင်သာမြင်သာတွေ့ရမယ်လို့ ထင်ပါတယ်” လို့ မော်ဖရေမြာက ဆိုသည်။
IEC ၏ စာရင်းမှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၄၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
အဆိုပါလုပ်ရပ်များဟာ စစ်ကောင်စီက လူသားများရဲ့ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို လက်နက်ကိုင်ပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများအား တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု IEC က ပြောဆို ထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။