မြိုင်မြို့၊ လက်ယက်မရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ၆ ဦး သေဆုံး

By MPM 7 စက်တင်ဘာ, 2024 👁 6

မကွေးတိုင်း၊ မြိုင်မြို့နယ် လက်ယက်မရွာကို စစ်ကောင်စီကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်တွင် လက်ယက်မရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံး ၄ လုံးကြဲချပြီး၊ စက်သေနတ်ဖြင့်ပါ ၃ ကြိမ် ပစ်ခတ်သွားကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ယင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲမရှိဘဲနဲ့ ပြည်သူတွေ စစ်ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်သွားတာ။ မိသားစု ၅ ယောက်မှာ ဖအေကြီးတစ်ယောက်ပဲ ကျန်တယ်။ အကုန်သေတာပဲ” ဟု ပြောသည်။

ယခုကဲ့သို့ လေကြောင်းနှင့်ပစ်ခတ်မှုကြောင့် စာသင်ကျောင်းဘေးရှိ အိမ်များကိုထိမှန်ပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး၊ ဆယ်တန်းဖြေဆိုထားသော အရွယ်မရောက်သေးသူ တစ်ဦး အပါအဝင် ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီက ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်းနှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ရှောင်စခန်းများကိုလည်း စက်တင်ဘာလ ၅ နှင့် ၆ ရက်တို့တွင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံအရပ်သား ၁၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့သည်။

သံလွင်းတိုင်းမ် ပေးပို့သည်။