စစ်ကောင်စီခေါင်းဆောင် လွိုင်ကော်ခရီးစဉ်တွင် လက်နက်ကြီးနှင့် တိုက်ခိုက်ခံရ

0
119

တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ကိုရောက်ရှိလာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုသည်။

“စစ်ကောင်စီခေါင်းဆောင် လွိုင်ကော်ကိုရောက်လာတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ဘယ်လိုနေရာတွေကို အဓိက တိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ အသေးစိတ် ပြောပြလို့မရပါဘူး” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ကို စက်တင်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် ရောက်ရှိလာစဉ်တွင် ယင်းကဲ့သို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ထိခိုက်မှုအခြေအနေကို KNDF က ပြောဆိုထားခြင်း မရှိပါဘူး။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တချို့တွင် လွိုင်ကော်မြို့တွင်း သာသနာ့ဗိမာန်အနီးအနား၌ လက်နက်ကြီးကျရောက်မှုရှိပြီး လူထိခိုက်မှုမရှိဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် လွိုင်ကော်မြို့ရှိ ၎င်းလက်အောက်ခံဝန်ထမ်းများကို လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အထူးအလေးပေးမှာကြားခဲ့သလို ပုံမှန်အခြေအနေ အမြန်ဆုံးပြန်ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီလက်အောက် မီဒီယာများ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင် လွိုင်ကော်မြို့ကို ရောက်ရှိလာသည်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ရန် စည်းရုံးရေးဆင်းခြင်းဖြစ်ပြီး ထိုသို့လာရောက်စဉ် လွိုင်ကော်မြို့အနီးအနားကို စစ်အင်အားဖြည့်တင်းမှုရှိနေသည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

“သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့က အဓိက။ နောက် ရွေးကောက်ပွဲလုပ်နိုင်ဖို့ သူ့အမည်နာမရှိနိုင်အောင်ဆိုပြီးတော့မှ ကြိုးစားတဲ့အနေအထားလို့ပဲ သတ်မှတ်ပါတယ်” ဟု စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါသည်။

စစ်ခေါင်းဆောင်သည် လွိုင်ကော်မြို့ခရီးစဉ်ကို လေကြောင်းနှင့် ရောက်ရှိလာပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ကို ဦးစွာသွားရောက်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတွေကို စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီပိုင် MRTV ရုပ်သံက စက်တင်ဘာ ၄ ရက်နေ့ ည ၈ နာရီတွင် ကြေညာခဲ့သည်။

ယင်းနောက် ပြည်နယ်ခန်းမ၌ လူထုနှင့်တွေ့ဆုံစဉ်တွင်လည်း ဒေသဖွံ့ဖြိုးမှုနောက်ကျစေပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင် လုပ်ဆောင်နေတာဟာ ဒေသခံများကိုယ်တိုင်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသွားသလို ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ဒေသခံများပါ ပါဝင်ကြဖို့ ၎င်းက တိုက်တွန်းသွားခဲ့သည်။

စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်တွင် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ၊ မြို့မိ/မြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန် ပြောဆိုသော်လည်း ဒေသခံများဆိုသည့်နေရာတွင် တပ်ပိုင်းဆိုင်ရာ၊ ဌာနဆိုင်ရာမိသားစုဝင်များသာ ဖြစ်သည်ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

“ပြည်နယ်ခန်းမမှာ လူထုတွေ့ဆုံတာလည်း မသိရဘူး။ ပြည်ထောင်စုလမ်းမကြီးပဲသွားတာတောင် လမ်းပိတ်ပြီး ဆက်မသွားခိုင်းဘူး။ လုံခြုံရေးလည်း အပြည့်ပဲ၊ ပုံမှန်ခြေအနေထက်စာရင်ပေါ့။ တခုခုတော့ တခုခုပဲလို့ထင်နေတာ သတင်းတက်လာမှပဲ မင်းအောင်လှိုင် လွိုင်ကော်လာမှန်း သိတော့တယ်” ဟု ၎င်းက ဆိုသည်။

လွိုင်ကော်မြို့တွင် “တစ်လေးလုံး စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်နှင့် မြို့တွင်းနေရာအများစုကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် အိမ်ရာချီ မီးလောင်ပျက်စီးခဲ့ရသည်။

ယင်းသို့ပျက်စီးရသည့် အကြောင်းရင်းက တော်လှန်ရေးတပ်ဖွဲ့များကြောင့်ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့ပြီး ဖြစ်ပေါ်နေသည့် အခြေအနေကို သင်ခန်းစာယူပြီး ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဟုပါ ပြောဆိုသွားခဲ့သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here