မန္တလေးတိုင်းထဲက မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ခဲ့သည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များထဲရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွားနှင့် သနပ်ပင်ကျေးရွာတို့ကို စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် မြင်းခြံကုန်းကျေးရွာက အရပ်သား ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာကြဲသွားတာ။ တိုက်ပွဲလည်း ဖြစ်တာ မရှိဘူး။ ဒီမြင်းခြံကုန်းရွာက မိသားစုဝင် ၄ ယောက် သေဆုံးခဲ့တယ်။ သနပ်ပင်ကတော့ သေတာမျိုး ဘာညာတော့ မရှိဘူး။ နှစ်ရွာလုံးကတော့ အိမ်တွေဘာတွေ ပျက်စီးတာတော့ရှိတယ်။ ကြဲတဲ့နေရာကလည်းဗျာ ဒီ ကျနော်တို့ ကျောက်ပန်းတောင်းနဲ့ တောင်သာအစပ်က ရွာနှစ်ရွာပေါ့ဗျာ၊ အဲ့ထဲကိုကြဲတာဗျ” ဟု ပြောသည်။
အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းကျေးရွာကိုလည်း ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အကူအညီပေးနေသူ ဇရပ်ကွင်းရွာသားတစ်ဦးက အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများက ပြောပါသည်။
ဇရပ်ကွင်းရွာသားတစ်ဦးက “အဲ့ဒီနေ့က မနက်အစောကြီးလို့ ပြောရမယ်။ ၁ နာရီခွဲလောက်မှာ သစ်တောရုံးနားကို ဗုံးကျတာဗျ။ သေတာက နှစ်ယောက်၊ အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်၊ လူငယ်အမျိုးသားတစ်ယောက် ပေါ့ဗျာ။ နောက်တစ်ယောက်လည်း သေသွားသေးတယ်။ အဲ့လူကတော့ ၇ မိုင်ကလို့ပြောတယ်ဗျ” ဟု ပြောသည်။
ဇရပ်ကွင်းကျေးရွာရှိ သစ်တောရုံးအနီးကို ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၈၀ အရွယ် အဘိုးတစ်ဦးနှင့် အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။
၏ထို့အပြင် သစ်တောရုံးအနီးတွင် နေထိုင်ကြသော အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထို့အပြင် စဉ့်ကူးမြို့နယ်ထဲက သီလှကျေးရွာကိုလည်း သြဂုတ်လ ၃၁ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့သည်။
ဒေသခံတစ်ဦးက “ကျောက်မြောင်းမှာ တပ်စွဲထားတဲ့ တပ်က ပစ်တာပါ အဲ့ဒါက။ သေတာတော့ နှစ်ယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ သေသွားတဲ့သူတွေကလည်း ကလေးတွေပါ။ ကျောက်မြောင်းက ပစ်တယ်ဆိုတာက သူက ဒီလိုဗျ၊ ကျောက်မြောင်းမြို့က စဉ့်ကူးရဲ့ တဖက် ဧရာဝတီတဖက်ကမ်း၊ ရွှေဘိုမြို့နယ်ထဲမှာ။ အဲ့မှာ အထိုင်ချတဲ့စခန်းကနေ လှမ်းလှမ်းပစ်တာမျိုး။ PDF တွေကို လှမ်းပစ်တာပေါ့ဗျာ ဒါပေမယ့် ထိတာက ကျနော်တို့ အရပ်သားရွာတွေဗျ” ဟု ပြောသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုများ ထပ်ရှိလာနိုင်သည့်အတွက် အဆိုပါဒေသများအတွင်းက ဒေသခံရွာသားအများစုမှာ ဘေးလွှတ်နိုင်မည်ဟု ယူဆရသော နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။
စစ်ကောင်စီတပ်က လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းတပ်စခန်းကို ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် – မန္တလေး (MDY-PDF) က တိုက်ခိုက်သိမ်းပိုက် ထားသည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသော မြင်းခြံခရိုင်ထဲတွင် မြင်းခြံ၊ တောင်သာ၊ နွာထိုးကြီး အစရှိသည့် မြို့နယ်သုံးမြို့နယ်ထဲက စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တို့၏ တပ်စခန်းများကို ဩဂုတ်လ ၁၀ ရက်နေ့ကစတင်ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ တိုက်ခိုက်များ လုပ်ဆောင်နေသည်။
NMG ပေးပို့သည်။