မကွေးတိုင်းရှိ မြို့နယ်တချို့တွင် စစ်မှုထမ်း ထောက်ပံ့ကြေးအတွက် ကျပ် ၃ သောင်းဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် ကျပ် ၅ သောင်းအထိ တိုးကောက်ခံကြောင်း ဒေသခံများက ပြောသည်။
စလင်းမြို့နယ် ဒေသခံတစ်ဦးက “အုပ်ချုပ်ရေးမှူးတွေက လူမပေးနိုင်တော့ ငွေပေးရမယ်ပြောတယ်။ စစ်တပ်နဲ့လာတော့ အုပ်ချုပ်ရေးမှူးတွေက ၃ သောင်း၊ အခု ၃ သောင်းမရဘူး၊ ၅ သောင်းလို့ ပြောတယ်” ဟု ဆိုသည်။
ယခုဖြစ်စဉ်ကဲ့သို့ ပွင့်ဖြူမြို့နယ်ရှိ ရေပုတ်ကလေးကျေးရွာတွင်လည်း တစ်အိမ် ၄၀,၀၀၀ ကျပ် ပေးရမည်ဟု အုပ်ချုပ်ရေးမှူးများက ဆော်သြပြီးမှ ထောက်ပံ့ကြေးကောက်ယူသည့်အခါ ၅၀,၀၀၀ ကျပ် ဖြစ်သွားကြောင်း ရွာသားများက ပြောသည်။
စစ်မှုထမ်း အပတ်စဉ် (၂) အတွက် ထောက်ပံ့ကြေးများ မဲနှိုက်စဉ်က ကျပ် ၃ သောင်းဟု သဘောတူပြောဆိုထားပြီးနောက် ထိုသို့တိုးမြင့်ကောက်ခံကြောင်း ဒေသခံများက ပြောဆိုသည်။
ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ မကွေး၊ ချောက်နှင့် တောင်တွင်းကြီး မြို့နယ်များတွင်လည်း စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးမှုများလည်း ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးရထားသည့် လူငယ်များကို စစ်မှုထမ်းရန် တောင်တွင်းရှိ စစ်တပ်ဝန်းထဲသို့ ခေါ်ဆောင်သွားပြီး ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ဆီသို့ ပို့ဆောင်လိုက်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီက ခရီးသွားလူငယ်များကို ပစ်မှတ်ထားပြီး ဖုန်းနှင့် မှတ်ပုံတင်စစ်ဆေးပြီး ဖုန်းထဲတွင် VPN ပါရှိလျှင် ဖမ်းဆီးထားကြောင်း သိရသည်။
“သြဂုတ်လကုန်ပိုင်းက ပွင့်ဖြူကနေ ရန်ကုန်ကိုသွားတဲ့ မဲဇလီရွာက ကလေးတစ်ယောက် ပျောက်နေတယ်။ စလင်းကလည်း ကလေးတွေ ပျောက်တယ်၊ လိုက်နေကြတုန်းပါပဲ။ ဘယ်မှာ အဖမ်းခံရတယ် မသိဘူး” ဟု ပွင့်ဖြူဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့်လူငယ်များကို အချိန်မီသိရှိသည့်အတွက် ငွေကြေးနှင့် ရွေးထုတ်နိုင်သော်လည်း အချိန်မီ မသိရှိသူများ၊ ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။
ခရီးသွားလူငယ်များ ဖမ်းဆီးခံရမှုတွင် မှန်လုံကားလေးများစီးနင်းစဉ် အဓိက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးသည့်အကြောင်းအရာနှင့် မည်သည့်နေရာတွင် အဖမ်းခံရသည်ဆိုခြင်းကို ယာဉ်မောင်းများက အသိပေးပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။
မကွေးတိုင်းအတွင်းမှ စလင်း၊ ပွင့်ဖြူ၊ မကွေးတို့တွင် ညနေ ၆ နာရီကျော်လျှင် အပြင်ထွက်ပါက ပေါ်တာဆွဲခံရမည်ဆိုသည့်သတင်းများ ထွက်ပေါ်ပြန့်နှံ့နေသည့် ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။