ထိုင်း – မြန်မာနယ်စပ်တလျှောက်ရှိ ကရင်နီ (ကယား) ပြည်ထဲက စစ်ရှောင်များနှင့် ဒေသခံပြည်သူများသည် မြန်မာငွေတန်ဖိုးကျဆင်းလာတာကြောင့် စားနပ်ရိက္ခာဝယ်ယူရရှိရေးတွင် ပိုမိုခက်ခဲလာပြီး ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲခံနေကြရသည်ဟု အကူအညီပေးနေသူများက ပြောသည်။
ငွေလဲနှုန်း မငြိမ်သက်မှု၊ မြန်မာငွေကျပ်စျေးတန်ဖိုး ကျဆင်းမှုကြောင့် စစ်ရှောင်များအတွက် အလှူရှင်များက အလှူငွေပေးလာချိန်တွင် စားနပ်ရိက္ခာများဝယ်ယူသည့်အခါ ကုန်စျေးနှုန်း အဆက်မတန်မြင့်တက်မှုများနှင့် ကြုံနေရသည်ဟု ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က ပြောသည်။
“ဒီလိုကုန်ဈေးနှုန်းတွေက တအားကြီးမြင့်လာတဲ့အခါမှာ အရင်တုန်းက ဥပမာ-ငရုတ်သီးစိမ်းတစ်ပိဿာ ၄ ထောင် လောက်ဈေးဆိုတာ အခုဟာကြတော့ ၁ သောင်းလောက် ဖြစ်သွားတယ်။ ဥပမာ- နှစ်ပိဿာလှူရမဲ့အခါမျိုးမှာ တစ်ပိဿာလောက်ပဲ လှူရတဲ့အခါတွေလည်း ရှိတယ်ပေါ့နော။ ဒီလိုပဲ စားဆီဆိုလည်း တစ်ပိဿာကို ၂ သောင်း ကျော်လောက်ထိ အခြေအနေဖြစ်သွားတော့ ဥပမာ-လူနှစ်ယောက်စာကို ၅၀ သားလှူရမယ့်ဟာ ဈေးနှုန်းတွေက ဒီလိုမျိုး မြင့်သွားတော့ တစ်ယောက်စာပဲ လှူနိုင်တဲ့အခြေအနေ အချိန်အခါတွေလည်း ရှိတယ်ပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လဒုတိယပတ်ထဲတွင် မြန်မာငွေကျပ်တစ်သိန်းအား ထိုင်းဘတ်ငွေလဲလှယ်ပါက ဘတ်ငွေ ၆၀၀ အောက်အထိ ရောက်သွားခဲ့ပြီး ထိုငွေလဲနှုန်းမှာ ယခုနှစ်ထဲ ဘတ်ငွေနှင့်ကျပ်ငွေ လဲလှယ်မှုတွင် မြန်မာကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွားကျဆင်းမှုဖြစ်သည်ဟု နယ်စပ်ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။
ထိုသို့မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းမှုကြောင့် ထိုင်း – မြန်မာနယ်စပ်၊ ကရင်နီပြည်ဘက်ခြမ်းတွင် နေထိုင်ကြသည့် စစ်ရှောင်ပြည်သူများသည် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်တွေ့နေကြရသည်ဟု ကရင်နီ – ထိုင်းနယ်စပ်တွင် နေထိုင်သူများက ပြောသည်။
ကရင်နီ – ထိုင်းနယ်စပ်တွင်နေထိုင်သူတစ်ဦးက “ပစ္စည်းဝယ်တဲ့နေရာမှာရော ပြီးရင် အစားအသောက်တွေ ဝယ်တဲ့နေရာမှာရော အဘက်ဘက်ပေါ့နော။ စီးပွားရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် အဘက်ဘက်နဲ့ ကြည့်ရမယ်ဆို အရမ်း အခက်အခဲကြုံတွေ့နေရတယ်ပေါ့နော်။ ဒုက္ခရောက်တယ်” ဟု ပြောသည်။
မြန်မာငွေကျပ်တန်ဖိုးကျဆင်းမှုများကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အပြင် စက်သုံးဆီစျေးနှုန်းများလည်း တရိပ်ရိပ်တက်လာ၍ ကုန်သည်များနှင့် ကားသမားများပါ အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။
ယနေ့ဝယ်ယူပြီး ရောင်းလိုက်သည့်စျေးနှင့် နောက်ရက်တွင် ထပ်ဝယ်ရသည့် စျေးနှုန်းသည်လည်း ကွာဟလွန်းသောကြောင့် စျေးသည်များမှာ ကုန်ပစ္စည်းများသယ်ယူ၍ မရောင်းချင်ကြသည့်အပြင် ကားသမားများကလည်း ၎င်းတို့အတွက် အမြတ်ငွေမကျန်သောကြောင့် ကားမထွက်ချင်သည့် အခြေအနေအထိ ဖြစ်လာနေကြသည်။
ထိုင်း – မြန်မာနယ်စပ်တွင် ငွေလဲလှယ်ဈေးနှုန်းသည် ဖေဖော်ဝါရီလကစ၍ ကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ၉၉၅ ဘတ်အထိ ကျဆင်းခဲ့ပြီး ယခု စက်တင်ဘာလပထမပတ်ထဲတွင် ကျပ်ငွေ ၁ သိန်းကို ဘတ် ၆၀၀ ကျော်ရှိသည်ဟု နယ်စပ်ရှိငွေလွှဲအေဂျင်စီများနှင့် ငွေလဲလှယ်ရေးနှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုသည်။
NMG ပေးပို့သည်။