အကျဉ်းထောင်များတွင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၅၆၄၉ ဦးအထိရှိနေ

By MPM 3 စက်တင်ဘာ, 2024 👁

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ ယခု ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသမီး ၅၆၄၉ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၁၁၃၂ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“နွေဦးတိုက်အတွင်းမှ အကျဉ်းစံအမျိုးသမီးများ” ဆိုသည့် ထုတ်ပြန်ချက်ဖြင့် AAPP က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက် အစီရင်ခံစာအရ စစ်ကောင်စီအကျဉ်းထောင်များတွင် ဖမ်းဆီးခံထားချိန်တွင် သေဆုံးသူ ၈ ဦး၊ ရဲစခန်းတွင် ၂ ဦးနှင့် စစ်ကြောရေးတွင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်က အာဏာသိမ်းကာလတလျှောက် နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်သည့် အမျိုးသမီးများကို ဖမ်းဆီးထောင်ချလျှက်ရှိပြီး အဆိုပါနိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောဆိုသည်။

PPNM အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက “စပြီးအဖမ်းခံရကတည်းက သူတို့တပ်ခြင်းတဲ့ပုဒ်မကို တပ်လိုက်တယ်။ သူတို့တွေက တကယ်ဆိုရင် အပြစ်မရှိဘဲနဲ့ အပြစ်သားလို့ တရားရုံးမှာ အမိန့်မချမချင်း အပြစ်သား မဟုတ်သေးဘူးပေ့ါနော်၊ စဖမ်းပြီဆိုကတည်းက ရိုက်နှက်ပြီးဖမ်းတယ်။ လက်ထိပ်ခတ်တယ် စစ်ကားပေါ်ခေါ်သွားပြီးတော့ တချို့က စစ်ကြောရေးကိုပို့တယ်၊ အချို့ကျ ထောင်ထဲတန်းပို့ခံရတယ်။ စစ်ကြောရေးမှာ လူမသိသူမသိ သေဆုံးရတာလည်းရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းခန့်က မွန်ပြည်နယ်၊ ကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဉ်းသူအကျဉ်းသား ၄၀ ဦးဝန်းကျင်ကို ပဲခူးတိုင်း၊ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ထားရာ၌ ယင်းတို့အထဲမှနိုင်ငံရေးအကျဉ်းသူ ၃ ဦးနှင့် အခြားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားသူ စုစုပေါင်း ၇ ဦးကို အကျဉ်းဦးစီးတာဝန်ရှိသူတို့က ဥပဒေမဲ့ အင်အားသုံး ရိုက်နှက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကျိုက်မရောအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး ၂၀၀ ဝန်းကျင် ရှိသည်ဟု PPNM မှ သိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈၀ ကျော်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃၀ ကျော် တိုက်ပိတ်ခံခဲ့ရကြောင်း သိရသည်။

IMNA ပေးပို့သည်။