လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းထိုးဝင်လာလို့ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ

By MPM 2 စက်တင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံက သိရသည်။

တပ်အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် သြဂုတ်လနောက်ဆုံး အပတ်ကစပြီး ကျေးရွာပေါင်း ၈ ရွာရှိသည့် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် စခန်းကြီး၊ ဖွားဘုတ်ပြင်၊ ခမောင်းတောင်၊ ထိန်တွင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၈ ရွာက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာများထံ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ဒေသခံများ ပြောဆိုမှုအရ စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ ဖွားဘုတ်ပြင်ကျေးရွာကို ၃ ရက် ဆက်တိုက် မီးရှို့နေပြီး မီးလောင်ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို အတိအကျမသိရသေးဟု ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဖွားဘုတ်ပြင်၊ စခန်းကြီး၊ မဲအုံ ကျေးရွာတို့က အမျိုးသား၊ အမျိုးသမီး ၁၀ ဦးထက်မနည်းကို လူသားဒိုင်းနှင့် လမ်းပြအဖြစ် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးကြောင်း ရွာသားများက ပြောသည်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ၏ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၆၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။