ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့က KIA သိမ်းပိုက်ထားပြီးဖြစ်သည့် မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး ၄ ရက်အကြာတွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီဟု စစ်တပ်ထောက်ခံသူများ အသုံးပြုမှုများသည့် လူမှုကွန်ရက်စာမျက်နှာ Telegram, Wechat ပေါ်တွင် ရေးသားပျံနှံ့ခဲ့သည်။
ထိုသို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်လိုက်ပြီဆိုသည့် သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောဆိုသည်။
“မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်း ဆိုတဲ့နေရာမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာ မရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနှင့် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဗန်းမော်နှင့် မိုးမောက်ကြားရှိ ၆ မိုင်ကုန်းနေရာတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ရက်ခန့် ကြာမြင့်လာပြီဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
“သတင်းဆိုက်ဝါးဖြစ်အောင် လုပ်နေတာ။ အခုတိုက်ပွဲ ဖြစ်နေတာက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ် ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေကလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်” ဟု အဆိုပါ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်ထောက်ခံသူ လော်ဘီများက မိုးမောက်တပ်ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီဆိုသည့် သတင်းမှားဖြန့်မှုကြောင့် ကချင်ပြည်သူလူထုတချို့လည်း ထင်ယောင်ထင်မှား ဖြစ်နေကြသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်များက ၄ လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
KNG ပေးပို့သည်။