ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ရန် တပ်စခန်းနှစ်ခုသာကျန်ရှိ

By MPM 30 ဩဂုတ်, 2024 👁

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF၊ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက် စခန်းနှစ်ခုသာကျန်ရှိကြောင်း ထီးချိုင့်တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူများထံက စုံစမ်းသိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့မှ ပြန်လည်စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲကြောင့် ထီးချိုင့် – ဧရာဝတီ မြစ်ကူးတံတားပေါ်ရှိ စစ်ကောင်စီ၏ကင်းစခန်းနှင့် မြို့ပေါ်ရှိ တောင်ပေါ်စခန်း စသည့် စခန်းနှစ်ခုသာ ကျန်ရှိတော့သည်ဟု ဆိုသည်။

“အခုက တောင်ပေါ်စခန်းပဲ ကျန်တော့တယ်။ ကျန်တာတွေက သိပ်မရှိတော့ဘူး။ စစ်တပ်ကာကင်းတွေကလည်း တောင်ပေါ်စခန်းနဲ့ သွားပူးပေါင်းထားကြတယ်။ အရင်က သူတို့အခိုင်အမာနေရာကတော့ မြသိန်းတန် ရဲစခန်းတစ်ခုတည်း၊ အခုက သူတို့နေရာယူထားတာက ဖက်တောင်ရယ် လျှောင်းတော်မူတောင်ရယ် မြသိန်းတန်တောင်ရယ်” ဟု ထီးချိုင့်မြို့မှ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့တဖက်ကမ်းရှိ မြတောင်ကျေးရွာ ကာကင်းစခန်းကို ဩဂုတ်လ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် မြို့မကျစေရန်အတွက် စစ်ကောင်စီက တပ်အင်အားနှင့် လက်နက်ခဲယမ်း အင်အားများ ထပ်မံဖြည့်တင်းမှုများ ပြုလုပ်နေသလို ကာကင်းများကိုလည်း ယခုရက်ပိုင်းတွင် ခိုင်ခိုင်မာမာ တည်ဆောက်နေသည်ဟု သိရသည်။

ယင်းအပြင် ညအချိန်၌လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို ထောက်လှမ်းစုဆောင်းနေကြောင်း ဒေသခံများက ပြောဆိုသည်။

တော်လှန်ရေးအင်အားစုများသည် မြို့သိမ်းတိုက်ပွဲအတွက် ဗျူဟာမြောက်အစီအစဉ်များရေးဆွဲကာ ကျန်ရှိနေသည့် စခန်းများကို တိုက်ခိုက်သွားရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ဒီတခါ ရအောင်တိုက်မှာပါ၊ ရနိုင်မယ်လို့ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ စစ်ကောင်စီက ကောင်းကောင်းပြင်ဆင်နေမှာ ကျွန်တော်တို့လည်း ကောင်းကောင်းပြင်ဆင်ပြီးတိုက်မှာ” ဟု အဆိုပါ တော်လှန်ရေးရဲဘော်က ပြောဆိုသည်။

ယခင်က မအောင်မြင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲများကို တော်လှန်ရေးအင်အားစုများက မြို့သိမ်းပိုက်နိုင်ရေးအတွက် ယခု ဩဂုတ်လ ၁၉ ရက်နေ့ကစ၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့ပေါ်ရှိ ဒေသခံများအားလုံးသည် ၂၀၂၃ ခုနှစ်တွင် တိုက်ခိုက်ခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် မြို့၏ တဖက်ကမ်းရှိ မြတောင်၊ မောင်းကုန်းကျေးရွာနှင့် အလည်တောကျေးရွာများ၌ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

ရှမ်းနီအသံ ပေးပို့သည်။