အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သံတွဲမြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီ ရေတပ်စခန်း မောင်ရွှေလေးရေတပ် မကျစေရန် စစ်ကောင်စီတပ်က စစ်သင်္ဘော ၈ စီးဖြင့် ခုခံတိုက်ခိုက် နေကြောင်း အာရက္ခတပ်တော်က သြဂုတ်၂၆ ရက်နေ့က ထုတ်ပြန်ပြောဆိုသည်။
သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်အား စစ်သင်္ဘော (၈) စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိသည်ဟု အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
တဖက်တွင်လည်း စစ်ကောင်စီ၏ နောက်ဆုံးခံတပ်အဖြစ် ခုခံနေသော မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံများအကြား သတင်းများထွက်ပေါ်မှုလည်း ရှိနေသည်။
အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက “မောင်ရွှေလေး ကွင်းဝိုင်းရေတပ်စခန်းကတော့ မကျသေးပါဘူး။ ကစဉ့်ကလျား ဖြစ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း ဆက်ပြီးခုခံနေတာရှိတယ်။ ထွက်ပြေးနေတဲ့ သူတွေကိုလည်း ကျနော်တို့ဘက်က လိုက်လံဖမ်းဆီးနေတာရှိတယ်။ စစ်ကောင်စီ ရေတပ် သင်္ဘောတွေကလည်း မရပ်မနား ပစ်ခတ်နေတယ်။ တချို့နေရာတွေမှာ စစ်အင်အားထပ်ဖြည့်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ရှိတယ်။ ဒါကြောင့် တိုက်ပွဲတွေဟာ ဆက်ပြီးပြင်းထန်နေတယ်” ဟု ပြောဆိုသည်။
အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်တောင်ဘက်ပိုင်းတွင် မောင်ရွှေလေးရေတပ်သာမက ဂွမြို့နယ်အတွင်းထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေသည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောဆိုသည်။
“နောက်ပြီး ကျိန္တလီမြို့နဲ့ ဆက်စပ်တဲ့နေရာတွေ၊ ကျိန္တလီကနေ ဂွဘက်သွားလမ်း အဲ့ဒီဘက်တွေမှာလည်း တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေတယ်။ ရန်သူကလည်း လူအင်အား၊ လက်နက်အင်အားတွေဖြည့်ပြီး ခုခံနေတာရှိတယ်။ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
မောင်ရွှေလေးရေတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းနှင့် တပ်ကြပ်ကြီးရဲဝင်းတို့ အပါအဝင် ရေတပ်သား အနည်းဆုံး ၃ ဦး သေဆုံးသွားခဲ့ကြောင်း ရေတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။
“ကွင်းဝိုင်းရေတပ်ကို ရှော့တိုက်ဒုံးကျတာ ၃ ကြိမ် ရှိပြီ။ သုံးကြိမ်စလုံး လူသေတာ ဒီတခါ အများဆုံးနဲ့ အရာရှိအကြီးဆုံးတွေအထိ ပါသွားတာ” ဟု ၎င်းက ပြောသည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ရွှေလေး ရေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တာကြောင့် ရေတပ်မှ အခြားအဆင့်တစ်ဦးနှင့် တပ်သာတစ်ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မောင်ရွှေလေး ရေတပ်အတွင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး ရေတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မောင်ရွှေလေး ရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုများရှိနေသည့်အပြင် ကျောက္ကလပ် ကျေးရွာနှင့် မောင်ရွှေလေးကျေးရွာအစပ်၌လည်း သြဂုတ် ၂၂ ရက်၊၂၃ ရက်တို့တွင် ပစ်ခတ်မှုများရှိနေပြီး အဆိုပါနေရာသည် မောင်ရွှေလေး ရေတပ်နှင့် မိုင်ဝက်ခန့်သာ ကွာဝေးတကြောင်း ဒေသခံတို့က ပြောသည်။
မောင်ရွှေလေးရေတပ်နှင့် သပြုချိုင် ဆိပ်ကမ်းကြားရှိ ရွာသာယာကျေးရွာအထိ အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အဆိုပါနေရာသည်လည်း မောင်ရွှေလေးရေတပ်နှင့် မိုင်ဝက်သာကွာဝေးကြောင်း သိရသည်။
မောင်ရွှေလေး ရေတပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က စတင်ပြီး အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် တစ်လကျော် ကြာမြင့်လာပြီဖြစ်သည်။
အာရက္ခတပ်တော်သည် ငပလီကမ်းခြေတကြောရှိ မြပြင်၊ လင်းသာ၊ ဂျိတ္တော၊ ဇီးဖြူကုန်း၊ မဇင်၊ ဂေါ့ စသည့် ကမ်းမြောင်တစ်ခုလုံးနှင့် ဟိုတယ်ဇုံတစ်ခုလုံးကို သိမ်းပိုက်ထားပြီးနောက် မြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီးဖြစ်သည်။
သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက “ဂျိတ္တောကို AA ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဂျိတ္တောက စစ်ကောင်စီတပ်တွေပြေးပြီ။ ဆပ်လည်မြို၊ အဘဲရွာအထိ AA လိုက်ရှင်းလို့ တိုက်ပွဲ ဖြစ်ခဲ့တာ။ စစ်ရေယာဉ် ၅ စီးလည်း ထိခိုက်ပျက်စီးတာတွေရှိတယ်။ ရေတပ်ကသုံးနေတဲ့ မော်တော်ဘုတ်တွေလည်း AA ရထားပြီ” ဟု ပြောသည်။
ဂျိတ္တောမှနေ၍ ခုခံနေခဲ့ကြသည့် စစ်ကောင်စီတပ်များလည်း ယခုရက်ပိုင်းတွင် ပုလဲကျွန်းဘက်သို့ ဆုတ်ခွာထွက်ပြေးစဥ် စစ်ရေယာဉ်တချို့ကို AA က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။