ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီ ဒကစ ဌာနချုပ်နှင့် စစ်တပ်ဧရိယာများအပြင် အမှတ် (၂) ရဲစခန်း၊ ရဲတပ်ရင်း (၁၂)၊ ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေကမ်းနားလမ်းအနီး ရေတပ်၊ တက္ကသိုလ်အနောက်ဘက်ရှိ ရဲတပ်ရင်း (၃၆) စသည့် နေရာများတွင် ဘန်ကာများကို စစ်ကောင်စီတပ်က အခိုင်အမာတည်ဆောက်နေသည်ဟု မြို့ခံများက ပြောသည်။
ယင်းအပြင် စစ်တွေလေဆိပ်အနောက်ဖက်တွင်လည်း ကာကင်းစခန်းများစွာကို အခိုင်အမာတည်ဆောက်ထားပြီး စစ်တွေမြို့ ပတ်ပတ်လည်ကိုလည်း လူများ အလွယ်တကူ ဝင်ထွက်သွားလာ၍ မရအောင် သံဆူးကြိုးများ ကာရန်ထားလိုက်ပြီဟု စစ်တွေမြို့ခံများက ပြောဆိုပါသည်။
စစ်တွေဒေသခံတစ်ဦးက “စကစက ဘန်ကာတွေ သိပ်လုပ်နေတယ်။ ဆက်သွယ်ရေး မြောင်းတွေလည်း တအားတူးနေတယ်။ မြို့ထဲမှာရှိတဲ့ ကျောက်စရစ်တွေကို စစ်တပ်က ရသလောက်ဝယ်နေတယ်။ ခံစစ်လုံခြုံဖို့အတွက် ဆက်သွယ်ရေးမြောင်းတွေ၊ ဘန်ကာတွေ လုပ်နေတာကိုတော့ တွေ့ရတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) က မောင်တောမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တွေမြို့သို့ ထိုးစစ်အရှိန် ဦးလှည့်လာနိုင်သည်ဟုယူဆ၍ စစ်ကောင်စီက ဘန်ကာများကို ကျောက်စရစ်များဝယ်ယူပြီး အခိုင်အခန့် တည်ဆောက်နေတာကြောင့် စစ်တွေမြို့တစ်မြို့လုံးရှိ ကျောက်စရစ်အရောင်းဒိုင်များတွင် ကျောက်စရစ် ပြတ်လပ်သွားသည်အထိဖြစ်သွားကြောင်း အဆိုပါမြိုခံက ပြောပါသည်။
ကျောက်စရစ်အရောင်းအဝယ်လုပ်သူတစ်ဦးက “အရင်လပိုင်းက ကျောက်စရစ် တစ်ကျင်း ၅ သိန်းလောက်ပဲရှိတာ။ ချက်ချင်း အခု တစ်ကျင်း ၇ သိန်း တက်သွားတယ်။ လက်ရှိ စစ်တွေတမြို့လုံးမှာ ကျောက်စရစ် ရှာမရတော့ဘူး။ အကုန်လုံး စစ်တပ်က ဝယ်ယူသွားတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လကလည်း သင်္ဘောနှစ်စီးဖြင့် စစ်တွေမြို့သို့ ကွန်ကရစ်တိုင်၊ သံတိုင်များနှင့် ဘိလပ်မြေအိတ်များကို ပို့ဆောင်ခဲ့ပြီး စစ်တွေ ကမ်းနားလမ်းအပါအဝင် ပင်လယ်ကမ်းခြေပတ်လမ်းတလျှောက်ကို သံဆူးကြိုးများ ကာရန်ထားလိုက်ပြီဟု စစ်တွေမြို့ခံတို့ ပြောဆိုမှုအရ သိရသည်။
အာရက္ခတပ်တော် (AA) သည် မောင်တောမြို့အား သိမ်းပိုက်ပြီးပါက စစ်တွေမြို့ကို ဦးတည်တိုက်ခိုက်လာနိုင်သဖြင့် စစ်ကောင်စီတပ်က စစ်တွေတွင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်နေပြီး လက်ရှိတွင် ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများကို အကြီးအကျယ် တည်ဆောက်နေခြင်းဖြစ်သည်။
နိရဉ္စရာ ပေးပို့သည်။