NSPNC၊ NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးသည်နှင့်ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်းနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့သည် ရွေးကောက်ပွဲဆိုင်ရာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။
ထိုနေ့တွင်ပင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့တို့၏ နှစ်ဖက်ကိုယ်စားလှယ်များ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးမှုတွင် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်၊ ရွေးကောက်ပွဲအတွက် နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ ထိန်းချူပ်ထားသည့် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန်စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
NSPNC နှင့် NCA အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့တို့၏ အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က NSPNC နဲ့ EROs နဲ့ တွေ့ဆုံပွဲမှာ ဘာအကြောင်းအရာတွေ ဆွေးနွေးဖြစ်ကြပါလဲ။
ဖြေ။ ။ ဆွေးနွေးပွဲကလေ နဂိုကတည်းက ဆွေးနွေးဖို့ရှိတယ်ပေါ့၊ ရက်သတ်မှတ်ထားတာတော့ရှိတယ်။ ဒါပေမဲ့ တိုင်းပြည်အခြေအနေအမျိုးမျိုးကြောင့် ရက်က တစ်လကျော်နှစ်လနီးပါး ရွှေ့ဆိုင်းသွားတာတော့ရှိတယ်။ ပုံမှန် တွေ့နေကြကို ပုံဖော်တဲ့အနေအထားတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးရမှာတွေလည်း ရှိတယ်။ အဲ့ကိစ္စတွေ အပါအဝင်ပေါ့။ အစိုးရဘက်က လက်ရှိအာဏာရှိနေတဲ့အစိုးရဘက်က သူတို့ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးချင် တယ်။ အဲ့လို ပုံစံမျိုးတွေပေါ့။
အဓိကကတော့ သတင်းမှာပါထားတဲ့အတိုင်းပဲ။ ရွေးကောက်နဲ့ ပတ်သက်တာရှိမယ်။ ပြီးတော့ EAOs နယ်မြေ အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေပေါင်းစုံတွေကို ဆွေးနွေးကြတာဖြစ်တယ်။ ဒါပေမဲ့ သတင်းတွေမှာတော့ ရွေးကောက်ပွဲ ကိစ္စတစ်ခုတည်းကို ဆွေးနွေးသယောင်ယောင်တော့ ရှိတယ်ပေါ့။ အစည်းအဝေးဆိုတာက အဲ့တစ်ခုတည်းပေါ်ပဲ မူတည်ပြီး ဆွေးနွေးတာတော့မဟုတ်ဘူး။
မေး။ ။ ရွေးကောက်ပွဲလုပ်ချင်တာနဲ့ပတ်သတ်ပြီး ဘယ်အပိုင်းတွေကို ထည့်သွင်းဆွေးနွေးဖြစ်ပါလဲ။ ဥပမာ- ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလား၊ ဒါမှမဟုတ် လုံခြုံရေးအပိုင်းလား။
ဖြေ။ ။ ရွေးကောက်ပွဲကြတော့ အစိုးရရဲ့ရည်မှန်းချက်ကြတော့ ၂၀၂၅ အောက်တိုဘာလမှာ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းတွေဆိုလိုရှိရင် ဒီဘက်ကလည်း ပြောကြားထားတာ အများကြီး ရှိပါတယ်။ ရွေးကောက်ပွဲတစ်ခု ကျင်းပမယ်ဆိုရင် တိုင်းပြည်ရဲ့အေးချမ်းမှုပေါ် မူတည်ပြီးမှ စကားပြောရမှာတွေ ရှိတယ်။ လုပ်ရမှာတွေ ရှိတယ်။
တိုင်းပြည်မအေးချမ်းဘူးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ရွေးကောက်ပွဲအခြေအနေက ဘယ်လိုပုံဖြစ်လာမှာလဲ အဲ့ဒါတွေကို အများကြီးပါပဲ ဆွေးနွေးထားတာ။ ကိုယ့်အမြင်သူ့အမြင် ရွေးကောက်ပွဲအပေါ်မှာ ဆွေးနွေးကြတာရှိတယ်။ ပြီးလို့ရှိရင် လူသားချင်းဆိုင်ရာ ထောက်ထားမှုလုပ်ငန်းတွေ အေးချမ်းသာယာမှုအပေါ်မှာ ဆွေးနွေးထား ကြတာရှိတယ်။ ဒီလောက်ပဲ ယေဘုယျအားဖြင့် ပြောလို့ရတယ်။
မေး။ ။ ဒီဆွေးနွေးတဲ့အခါမှာရော ဒေါ်စောမြရာဇာလင်းတို့ဘက်က ဘာအကြောင်းအရာတွေများ တင်ပြခဲ့တာရှိပါလဲ။
ဖြေ။ ။ ကိုယ်တွေက ငြိမ်းချမ်းရေးအပေါ်မှာ တစိုက်မတ်မတ်ရှိနေဆဲ ဖြစ်တာပေါ့နော်။ အားလုံးက စကားပြောကြရမှာပေါ့။ စကားပြောကြရမယ့် အနေအထားတွေရှိတယ်။ ဒါပေမဲ့ တိုက်ပွဲမှာ ပြဿနာထဲမှာ ပဋိပက္ခထဲမှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးအပေါ်မှာပဲ မူတည်တယ်။ ဒီတိုင်းပြည်ရဲ့အခြေအနေက ငြိမ်းချမ်းအောင် လုပ်ချင်တယ်။
စကားဝိုင်းနဲ့ ဆွေးနွေးမယ်ဆိုလို့ရှိရင် ပြဿနာထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေ ပဋိပက္ခထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေ စူးရှရှနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ အနေအထားပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကို သွားပါလို့ ဒီနေ့ဒီချိန်မှာ ပြောဖို့ကလည်းခက်တယ်။ တိုက်ပွဲနဲ့ပဲ ဆုံးဖြတ်ပါလို့ ပြောမယ်ဆိုရင်လည်း အရမ်းခက်ခဲတယ်။ ပြည်သူတွေက တအားနာတယ်။ တိုက်ပွဲပါနေကြတဲ့လူတွေထက် တိုင်းပြည်က အရမ်းနာတယ်။ အဲ့ဒါပဲ အမြဲရှိတယ်။ ဘယ်လိုဖြစ်ပါလို့ ဒီအနေအထားမှာ အရမ်းခက်ခဲတယ်။
မေး။ ။ လက်ရှိအာဏာရှိနေတဲ့ အစိုးရဘက်ကနေရော ထူးထူးခြားခြားဘာတွေများ တင်ပြခဲ့တာရှိပါလဲ။
ဖြေ။ ။ ထူးထူးခြားခြားကြီးဆိုတဲ့ ပုံစံမျိုးတော့မရှိဘူး။ အစိုးရဘက်ကတော့ ဒီရွေးကောက်ပွဲ လုပ်ချင်တဲ့ဆန္ဒကို သူတို့ဘက်က ပြောပြတယ်။ ပြီးတော့လေ တိုင်းပြည်ငြိမ်းချမ်းချင်တာပေါ့လေ။ ငြိမ်းချမ်းအောင် သွားချင်တယ် ဆိုတဲ့ ကိစ္စတွေကိုပဲ တိုင်းပြည်ငြိမ်းချမ်းရေး ဒါကိုပဲပြောတာရှိတယ်။ EAOs ကို ဘယ်လိုမျိုး Force လုပ်တယ် ဆိုတာတော့ မရှိဘူး။ ထိုနည်းလည်းကောင်းပဲ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အပေါ်ကိုလည်း Force လုပ်တယ် ဆိုတာမျိုး မတွေ့ရဘူး။ လွတ်လွတ်လပ်လပ်ပဲ ကိုယ့်အမြင်သူ့အမြင် ဆွေးနွေးကြတဲ့သဘောပဲဖြစ်တယ်။
မေး။ ။ ဒီဆွေးနွေးပွဲပြီးတဲ့နောက်မှာ တိကျသေချာတဲ့အဖြေတစ်ခုခု ရခဲ့ပါလား။
ဖြေ။ ။ အဲ့အဖြေတွေကိုတော့ တိတိကျကျ ပြောလို့မရဘူး။ ထုတ်ဖော်ပြောခွင့် မရှိဘူး။ အဖြေဆိုတာက ဘယ်ဟာကအဖြေ ဘယ်ဟာကအဖြေမဟုတ်ဘူး ဆိုတာမျိုးတော့ မရှိဘူး။
မေး။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းရင် အကောင်းဆုံးဖြစ်မယ်ထင်ပါလဲ။
ဖြေ။ ။ ပွင့်လင်းမြင်သာမှုနဲ့ စကားပြောကြရမှာပေါ့။ ဘယ်သူဘာပြောလဲဆိုတာလည်း ပြည်သူသိရမယ်။ ပွင့်လင်းရမယ်။ ကိုယ့်ဘက်သူ့ဘက်ကြည့်ပြီး မညှာမတာစကားပြောပြီးတော့မှ အဖြေထုတ်ရမယ်။ အဲ့လိုပုံစံ မဖြစ်ချင်နိုင်ဘူး။ အဲ့ဒါကြောင့် မဖြေရှင်းတတ်ကြဘူးလို့ပဲ ပြောကြားချင်ပါတယ်။
မေး။ ။ ဒေါ်စောမြရာဇာလင်းအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါလဲ။
ဖြေ။ ။ ကျွန်မနည်းနည်းပြောချင်တာက တိုင်းပြည်မှာ တိုက်ပွဲဖြစ်လာတာက နှစ်ပေါင်း ၇၀ ကျော် ၇၀ လို့ ပြောခဲ့ကြတယ်။ အခု ၈၀ ကို ရောက်လာပြီ။ ပြဿနာကို လူကနိုင်ရမှာ။ အခုက လူကို ပြဿနာက နိုင်နေတာ။ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ကြဘူး။ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းပါမယ်ဆိုမှ NCA စာချူပ်ကို ချူပ်ဆိုခဲ့ ကြတယ်။ ပြီးမှ တိုက်ပွဲတွေ ဖြစ်လာတယ်။ အဲ့ဒါတွေက အရမ်းကိုရင်နာဖို့ကောင်းတယ်။ အရမ်းစိတ်မကောင်းဘူး။ အဲ့ဒါတွေကြောင့် စကားပြောနေရတာဖြစ်တယ်။
ဒီစာချူပ်ကလည်း နှစ်ပေါင်း ၇၀ အတွင်းမှာလို့ ပြောရမှာပေါ့။ ဒုတိယအကြိမ် ပေါ်ပေါက်လာတဲ့စာချုပ်ဖြစ်တယ်။ အဲ့စာချူပ်မှာ ကောင်းတဲ့အကွက်တွေ အများကြီးပါတယ်။ ဒါမဲ့ အဲ့စာချူပ်အတိုင်း မဖြစ်လာခဲ့ဘူး။ အဓိက လူတွေရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ အများကြီးမူတည်တယ်။ ပြဿနာကို ဖြေရှင်းလို့ရတဲ့ အနေအထားတွေက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်နှစ်က ဆိုလို့ရှိရင် ပြဿနာကို ဖြေရှင်းလို့ရနိုင်တဲ့ အနေအထားတွေရှိတယ်။ ဒါကို မဖြေရှင်းခဲ့နိုင်ကြဘူး။ အဲ့ဒါဟာ ဝမ်းနည်းစရာ အရမ်းကောင်းတယ်။ အဲ့ဒါကြောင့်မို့ ပြဿနာကို လူကမနိုင်ဘဲနဲ့ လူကို ပြဿနာ နိုင်သွားတာက မြန်မာနိုင်ငံအတွက် အရမ်းကိုရှက်စရာကောင်းတဲ့အရှက်ဖြစ်တယ်။
IMNA ပေးပို့သည်။