“တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ရှောင်စခန်းတွေမှာ ကျောင်းကိုယ်စီတော့ ရှိကြတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ အများကြီးရှိတယ်။ စာအုပ်၊ ဘောပင်တွေကအစပေါ့နော။ မိုးကာတွေရောပေါ့၊ စစ်ရှောင်တွေမှာက အရမ်းလိုအပ်တယ်။ ပြီးတော့ ဖတ်စာအုပ်ပေါ့၊ ကျောင်းတစ်ကျောင်းမှာဆိုရင် ဆရာမကိုင်တဲ့ တစ်အုပ်ပဲရှိတယ်၊ တခြားအလှူရှင်လည်းမရှိဘူး” ခူးကူးရယ်/ ဖေစိုးလေးလူငယ်အဖွဲ့ဥက္ကဌ

By MPM 27 ဩဂုတ်, 2024 👁

စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သည့် ရှားတောမြို့နယ် (ဆိုမိုဖေစိုးလေး) ရှိ စစ်ဘေးရှောင်များအပါအဝင် လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဖေစိုးလေးလူငယ်ဥက္ကဌ ခူးကူးရယ်နှင့် တွေ့ဆုံမေးမြန်းချက်။

ရှားတောမြို့နယ် (ဆိုမိုဖေစိုးလေး) မြို့နယ်သည် လက်ရှိတွင် စစ်ကောင်စီတပ်ကင်းစင်သော မြို့နယ်တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ တော်လှန်ရေးတပ်ဖွဲ့များကနေ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် တပ်စခန်းများကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါသည်။

ယခုလက်ရှိ စစ်ကောင်စီတပ် မရှိတော့သည့် ဆိုမိုဖေစိုးလေးမြို့နယ် တနည်းအားဖြင့် ရှားတောမြို့နယ်တွင် စစ်ဘေးရှောင်များအပါအဝင် ဒေသခံများ နေထိုင်မှုအခြေအနေများနှင့် ပတ်သက်ပြီး ဆိုမိုဖေစိုးလေးမြို့နယ်ခံ လူငယ်တစ်ဦးလည်းဖြစ်ပြီး ဖေစိုးလေးလူငယ်အဖွဲ့တွင် ဥက္ကဌတာဝန်ယူထားသူ ခူးကူးရယ်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိမှာ ရှားတောလို့ အများကသိထားကြတဲ့ ဆိုမိုဖေစိုးလေးမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း မရှိတော့တဲ့နောက်ပိုင်းမှာ ဘာတွေဖြစ်နေလဲ၊ လက်ရှိအခြေအနေလေးကို ပထမဆုံး ပြောပြပေးပါ။

ဖြေ ။ ။ ရှားတော (ဆိုမိုဖေစိုးလေး) မြို့နယ်မှာဆိုရင် လက်ရှိအခြေအနေပြောရမယ်ဆိုရင် အရင်က တိုက်ပွဲ ဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိဆိုရင် စစ်ရှောင်တွေက ရှိနေဆဲပဲပေါ့။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ကျေးရွာ မှာ ပြန်လာနေလို့ မရသေးဘူး။ အခု စစ်ရှောင်မှာဆိုရင် စခန်း ၃ ခု ရှိတယ်ပေါ့နော။ စခန်း ၁ ၊ စခန်း ၂ ၊ စခန်း ၃ ဆိုပြီး ခွဲထားတယ်။ လုံခြုံရေးအရဆိုရင် ရှားတောတမြို့နယ်လုံးမှာ KNDF တပ်ရင်း ၁၇ ရှိတယ်။ KA ရှိတယ်။ မြို့နယ်တပ်လည်း ရှိတယ်။ အာဏာသိမ်းပြီးနောက် ရှားတောမြို့မှာ တိုက်ပွဲပြီးတဲ့ထိ လုံခြုံရေးအဖွဲ့ သီးသန့် တဖွဲ့လည်း ဖွဲ့ထားတယ်။ နယ်စပ်လုံခြုံရေးလို့လည်း ပြောရမှာပေါ့နော။ မြို့ပေါ်မှာလည်း တာဝန်ခွဲထားတာ လည်းရှိတယ်ပေါ့။

အခုလက်ရှိ ရှားတောအခြေအနေကို လုံခြုံတယ်လို့ ပြောရမှာပေါ့နော။ ဘာဖြစ်လို့လဲဆိုရင်တော့ သွားလာရေးမှာ ပိုပြီးအဆင်ပြေလာတယ်။ လုံခြုံတယ် ပြောပေမယ့်လည်း စစ်ရှောင်တွေက မြို့ပေါ်မှာ ပြန်မလာနေတဲ့ အကြောင်းရင်းကလည်း လေယာဉ်ကြောင့်ပေါ့။ ဘယ်အချိန်လာပစ်မလဲ ဘယ်အချိန် လာလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပြန်မနေရဲတာလည်းပါတယ်။ ရှားတောတိုက်ပွဲ ပြီးသွားတဲ့ချိန်မှာ လက်နက်အကြွင်းအကျန်တွေ ပေါက်ကွဲစေနိုင်တဲ့ လက်နက်လည်း ကျန်ခဲ့တော့ လူထုတွေကလည်း လာမနေရဲတာလည်း ပါတယ်ပေါ့နော။

မေး ။ ။ လက်ရှိမှာရော စစ်ရှောင်လူဦးရေ ဘယ်လောက်ရှိသေးလဲ။ စစ်ဘေးရှောင်တွေလည်း လက်ရှိမှာ ဘယ်လိုနေထိုင်ကြပါလဲ။ သူတို့လိုအပ်ချက်တွေ ဘယ်လိုရှိလဲပေါ့နော။

ဖြေ ။ ။ အခု စစ်ရှောင်လူဦးရေပြောရင်တော့ စခန်း ၃ ခု ထဲမှာတော့ အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေက ၃ ထောင် ရှိတယ်ပေါ့။ ခန့်မှန်းခြေပေါ့။ အခုလောလောဆယ် လိုအပ်ချက်က သိတဲ့အတိုင်းပဲ စစ်ရှောင်တွေက အလိုအပ်ဆုံး ကတော့ မိုးကာ၊ မိုးရာသီမှာ ပိုခက်ခဲတယ်။ တခြားနေရာတွေလည်း သွားဝယ်လို့မရဘူး။ လမ်းပန်းဆက်သွယ်ရေး လည်း ခက်ခဲတယ်။ လမ်းကြောင်းလည်း ပိတ်ခါ (ပိတ်ထား) ကြတော့ အရင်က အလှူရှင်ပေးလာတဲ့ မိုးကာကိုပဲ အားကိုးနေရတော့ အခုဆိုလည်း မိုးကာလည်း လိုအပ်တယ်ပေါ့နော။ စားနပ်ရိက္ခာလည်း အများကြီးလိုအပ်တယ် ပေါ့နော။

မေး ။ ။ ရှားတော (ဆိုမိုဖေစိုးလဲ) ကို စီးဆင်းတဲ့ကုန်စည်းလမ်းကြောင်းက အခြေအနေဘယ်လိုရှိပါလဲ။ စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ဥပမာ- ရိက္ခာတို့သယ်တဲ့အချိန်မှာ လမ်းကြောင်းအခြေအနေ ဘယ်လိုရှိလဲပေါ့နော။

ဖြေ ။ ။ စစ်ရှောင်တွေရဲ့ရိက္ခာတွေကို သယ်လာတာတဲ့ လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဆုံးပဲလို့ ပြောရမှာပေါ့။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတယ်။ တဆင့်သွားသယ်ရတဲ့ နေရာတွေဆိုရင်လည်း ရှားတောမြို့က သိတဲ့အတိုင်းပဲ ကားလမ်းတွေက တခြားမြို့နယ်တွေလိုမျိုး မရှိခါကြတော့ သွားသယ်ရတယ်။ ကားမရှိတာလည်း ပါတယ်။ ရှိတဲ့ကားတွေလည်း ပျက်တာများတယ်။ ဘာလို့လဲဆိုရင် ပြင်တဲ့နေရာလည်း မရှိခါကြတော့ သွားသယ်ရတာ ခက်ခဲတယ်။

မေး။ ။ ရိက္ခာတွေသယ်တာ ကားလည်းမရှိဘူး၊ ရှိတဲ့ကားလည်း လုံလောက်မှုမရှိဘူး။ ရိက္ခာတွေလည်း လိုအပ်ချက် ရှိနေပြီဆိုတော့ ဒီလိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြပါလဲ။ လူနဲ့ပဲ သွားထမ်းတာမျိုးလား၊ ဘယ်လောက် ဝေးဝေးသွားရလဲ။

ဖြေ ။ ။ ဆန်၊ ရိက္ခာနဲ့ပတ်သက်ပြီး သွားသယ်တဲ့ခါမှာ စစ်ရှောင်စခန်းမှာရှိတဲ့ လူထုတွေကို အမြဲအားကိုးရတယ်။ တချို့သယ်တဲ့ နေရာမှာဆိုရင် တဆင့်ပြီးတဆင့် သယ်နေရတယ်။ ဆန်တအိတ်ကို ၃ ဆင့် ၄ ဆင့် သယ်ရတာ ရှိတယ်။ တခြားအခက်အခဲလည်း ရှိတယ်။

မေး ။ ။ ကုန်စည်လမ်းကြောင်းလည်း ခက်ခဲတယ်၊ စားနပ်ရိက္ခာလည်း လိုအပ်ချက်ရှိနေတော့ အရေးပေါ် အခြေအနေမျိုး ဖြစ်လာတာရှိလား။ ဥပမာ – ရိက္ခာလုံးဝပြတ်လပ်ဖူးလား။

ဖြေ ။ ။ အခုအခြေအနေက ရိက္ခာတွေလည်း နည်းပါးလာတယ်။ အလှူရှင်တွေလည်း မရှိသလောက် နည်းပါးတယ် မရှိတော့ဘူးပေါ့။ စစ်စရှောင်တဲ့ချိန်မှာ အလှူရှင်ပေးတာက နည်းနည်းပါးပါး ရှိသေးတယ်။ အခု ရှားတောအခြေအနေက ငြိမ်သွားတဲ့ပုံစံမျိုး ဖြစ်တယ်။ ငြိမ်သွားပေမယ့်လည်း စစ်ရှောင်တွေက ရှိနေဆဲပဲ အလှူရှင်က မရှိတော့ဘူး ပြောရမှာပေါ့။ စစ်ရှောင်စခန်းတွေမှာ အရင်က နေ့စားနဲ့ပဲ အလုပ်လုပ်လာတဲ့ သူတွေကြတော့ အခုက အလှူရှင်ပေးတာကိုပဲ မှီခိုအားထားနေရတယ်။ တလတခါ ပုံမှန်မပေးဘူးဆိုရင် သူတို့မှာ လည်း ခက်ခဲတယ်ပေါ့နော။

မေး ။ ။ အကူအညီပေးတဲ့အဖွဲ့အစည်းတွေကို တောင်းဆိုတာရှိပါလား။ သူတို့အနေနဲ့လာပြီး ကူညီပေးတာ ရောရှိလား။

ဖြေ ။ ။ စစ်ရှောင်ကိုကူညီပေးတာက မရှိဘူးလို့ ပြောရမှာပေါ့နော။ ရှိတဲ့အဖွဲ့တွေကလည်း သူတို့ကိုယ်တိုင် လာပေးတာမျိုး မဟုတ်ဘူး။ သိတဲ့အတိုင်းပဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ မလာနိုင်တာလည်း ဖြစ်နိုင်တယ်။ တချို့ဆိုရင် တိုက်ရိုက်ပေးတာမျိုးရှိတယ်။ တချို့ဆိုလည်း တတိယနိုင်ငံ ရောက်သွားတဲ့သူတွေက ကူတာလည်း ရှိတယ်။

အရင်တုန်းကတော့ ကူတာရှိပေမယ့် အခုမရှိတော့ မလုံလောက်တာလည်း ရှိတယ်။ ဆန်ပြုတ်လည်း စားရတယ်။ တချို့ဆွေမျိုးအချင်းချင်းလည်း ပေးစားတာရှိတယ်ပေါ့။ လုပ်အားခဖို့ တချို့ကလည်း နေ့စားအလုပ်သွားတယ်ပေါ့။ ဒီလိုအခက်အခဲ ရှိတဲ့ချိန်ဆိုရင် ပေါင်းလိုက်တာပဲဖြစ်ဖြစ် နေ့စားခေါ်တာပဲဖြစ်ဖြစ် မရှိတော့ဘူးဆိုတော့ ရှာစားလို့မရတော့ဘူး ဖြစ်သွားတာပေါ့နော။

မေး ။ ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ နောက်ဆက်တွဲအနေနဲ့ လူထုတွေက ဘာကြုံတွေ့ရလဲ။

ဖြေ ။ ။ လမ်းပန်းဆက်သွယ်ရေးလို့ ပြောတဲ့နေရာမှာ ရှားတောတစ်မြို့နယ်လုံးက သွားလာလို့ရတယ်။ ကုန်ပစ္စည်းတွေ သွားဝယ်မယ်ဆိုရင် တခြားနေရာကို သွားရတော့ လမ်းကြောင်းတွေက အမြဲတမ်းပိတ်တယ်။ အခုလည်း ပိတ်နေဆဲပဲပေါ့။ ဘာဖြစ်လို့လဲဆိုရင်တော့ စားသောက်ကုန်ပစ္စည်းတွေက ဝယ်ရခက်တယ်။ ရှိတဲ့ ကုန်ပစ္စည်းတွေလည်း လုံလောက်မှု မရှိဘူး။

အခုဆိုရင်လည်း ဓါတ်ဆီဒီဇယ်တွေက ပြတ်တောက်နေတော့ အဲ့ဒါတွေက တအားခက်ခဲတယ်ပေါ့၊ အဝတ်အစားက အစပေါ့။ အခြေအနေကောင်းတဲ့ချိန် ဆိုရင်တော့ မြို့ထဲ သွားဝယ်လို့ အဆင်ပြေတာပေါ့နော။ အခုက ရောင်းဖို့လည်း မရှိဘူး။ ရှိတဲ့ စားသောက်ကုန် နည်းနည်းပါးပါးပဲ ရောင်းတယ်။ သွားဝယ်ရတဲ့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတော့ ဈေးနှုန်းလည်း များတယ်။ ဝယ်စား ရတာလည်း ပိုခက်ခဲလာတာပေါ့။

မေး ။ ။ ကျန်းမာရေး ၊ ပညာရေး အခြေအနေတွေရော ရှားတောမြို့နယ်မှာ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ရှောင်စခန်းတွေမှာ ကျောင်းကိုယ်စီတော့ ရှိကြတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ အများကြီးရှိတယ်။ စာအုပ် ၊ ဘောပင်တွေက အစပေါ့နော။ မိုးကာတွေရောပေါ့၊ စစ်ရှောင် တွေမှာက အရမ်းလိုအပ်တယ်။ ပြီးတော့ ဖတ်စာအုပ်ပေါ့။ ကျောင်းတစ်ကျောင်းမှာဆိုရင် ဆရာမကိုင်တဲ့ တစ်အုပ်ပဲ ရှိတယ်။ တခြား အလှူရှင်လည်း မရှိဘူး။

ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း စစ်ရှောင်မဟုတ်လည်း တခြား တောင်ပေါ်က ကျေးရွာမှာလည်း ငှက်ဖျား အဖြစ်များကြတယ်။ ဖြစ်တာတော့ကြာပြီ၊ ပြီးခဲ့တဲ့ ၃ လလောက် ကတည်းက ငှက်ဖျားပေါ်တာတော့ကြာပြီ။ ဒါပေမဲ့အခုက ပိုဆိုးလာတာရှိတယ်။ တလထဲ ၆၀ ၊ ၇၀ လောက် ဖြစ်ကြတယ်။ ငှက်ဖျားကိုတော့ လူထုတွေ တော်တော်ခံစားရတယ်။

နောက်တခုက အရေပြားရောဂါ ပြောရမှာပေါ့။ ဖြစ်တာလည်း ကြာပြီ၊ တကိုယ်ရေ သန့်ရှင်းရေး နည်းပါးတာ လည်းပါတယ်။ နောက်ပြီး စစ်ရှောင်မှာက အဝတ်အစားတွေရော ဖိနပ်တွေရော ရောင်းတဲ့သူလည်း မရှိဘူး။ အရင်တုန်းက ရှိတဲ့ဟာတွေနဲ့ပဲ ဝတ်ကြတယ်။ စစ်ရှောင်မှာနေရတဲ့အခါလည်း ယားယံကြတယ်။ တောထဲ နေရတယ်။ အိမ်လိုမျိုး မဟုတ်တော့ အရေပြားရောဂါ အဖြစ်များတယ်ပေါ့။

မေး ။ ။ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ ဖတ်စာအုပ်လိုအပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်း ကြလဲ။ ကျောင်းသုံးပစ္စည်းရရှိဖို့အတွက် အလှူရှင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တာ ရှိပါလား။

ဖြေ ။ ။ အလှူရှင်နဲ့ပတ်သက်ရင် ရှားတောမြို့နယ်မှာက အမြဲတမ်းလိုတယ်။ အလှူရှင်နဲ့ ပတ်သက်ရင် ချိတ်ဆက်မှုကလည်း အားနည်းနေတယ်။ အလှူရှင်ရှာတဲ့ အဖွဲ့လည်း မရှိဘူးပေါ့။ ကိုယ့်အသိ၊ ဆွေမျိုးတွေ လောက်ပဲတောင်းတယ်။ ရှိတဲ့အလှူရှင်ကိုရှာပြီး ကူညီတောင်းတာ အားနည်းတယ်။ ကျနော်တို့ဘက်မှာလည်း အားနည်းတယ်။ ပြီးတော့ အသိလည်း မရှိဘူး။ အလှူရှင်တွေနဲ့ရှာဖို့ အားနည်းတယ်ပေါ့။

မေး ။ ။ အထူးသဖြင့် ရှားတောမြို့နယ်မှာဆိုရင် စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်ပေမယ့် ဒေသခံတွေ ပြန်လာနေဖို့ ကြောက်ရွံ့နေသေးတယ်။ မိုင်းအန္တရာယ်တို့ လေကြောင်းအန္တရာယ်တို့ပေါ့။ လုံခြုံရေးနဲ့ တခြားသော ကဏ္ဍတွေမှာလည်း ဒေသခံတွေ စစ်ဘေးရှောင်တွေကို အသိပညာပေးမှု အပိုင်းတွေရှိပါလား။

ဖြေ ။ ။ အခုလက်ရှိမှာက လူထုတွေ လိုလားကြတယ်။ ရွာထဲမှာ ပြန်လာပြီး မနေရဲတာကလည်း စောနက ပြောသလို မိုင်းအသိပညာပေးတာတို့ ပေါက်ကွဲစေနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေကအစ ကလေးတွေ လူကြီးတွေ ကအစ လူထုတွေကို အသိပညာပေးရင်တော့ ပြန်လာနေဖို့ ပိုကောင်းတာပေါ့နော။ ဒါပေမယ့် တိုက်ပွဲပြီးတဲ့ အချိန်ကနေ ခုထိတော့ အသိပညာပေးတာတော့ မရှိသေးဘူးပေါ့နော။ ဒါကလည်း အရေးကြီးတယ်။ ဘာဖြစ်လို့လဲ ဆိုရင် လူထုတွေလည်း တောင်းဆိုလာတယ်။ ဒါလုပ်ပြီးသွားရင်တော့ သူတို့ပိုပြီး အားရှိသွားတယ်။ အခုက မသိခါ ကြတော့ ပြန်လာတဲ့အခါ တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာက စိန်ခေါ်မှုတစ်ခု ဖြစ်သွားတာပေါ့။

မေး ။ ။ အခုဆိုရင် အစိုးရလည်းရှိလာပြီ၊ သက်ဆိုင်တဲ့အစုအဖွဲ့တွေကိုရော ရှားတောမြို့နယ်နဲ့ပတ်သက်ပြီး ဖေစိုးလေးလူငယ်အဖွဲ့အနေနဲ့ ဘာတောင်းဆိုချင်လဲ။

ဖြေ ။ ။ တောင်းဆိုချင်တာကတော့ ပညာရေးမှာဆိုရင်လည်း ဘောပင်၊ ပေတံက အစ တအားလိုသေးတယ်၊ အားနည်းတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဆေးဝါးလုံလောက်မှု မရှိဘူး။ စားနပ်ရိက္ခာပိုင်းမှာလည်း အများကြီး လိုအပ်တယ်ပေါ့နော။ အခု စစ်ရှောင်မှာ မိုးရွာတဲ့အချိန်ဆိုရင် မိုးကာ လိုအပ်တယ်။ မိုးစိုခံရတယ် အဲ့ဒါတော့ တော်တော်လေး လိုအပ်တယ်ပေါ့နော။

မေး ။ ။ ဒေသခံတစ်ယောက်အနေနဲ့ရော ရှားတောမြို့အခြေအနေနဲ့ပတ်သက်ပြီး ဖြည်စွက်ပြောချင်တာ ရှိပါသေးလား။

ဖြေ ။ ။ အရင်တုန်းက ၁၉၉၅ -၉၆ တုန်းကလည်း ခံခဲ့ဖူးပြီးပြီ။ အမြဲတမ်းလိုလို ဖြစ်နေတော့လည်း သူတို့ရဲ့ ကြောက်စိတ်တွေက တအားများနေတယ်။ တခုခုဖြစ်ရင် ကြောက်စိတ်က အရင်ပဲဆိုတော့ အဆင်မပြေဘူး ပေါ့နော။ အခုဆိုရင် သက်ကြီးရွယ်အိုတွေဆိုရင် တခုခုကြားတာနဲ့ စိတ်ဓါတ်ကျတာတို့ ဖြစ်တယ် ။ စိတ်နှစ်သိမ့် ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် အခုက အဲ့လိုပေးတာမျိုးလည်း မရှိဘူး။ အဖွဲ့အစည်း တွေကအစ လူထုတွေနဲ့ ရင်းနှီးစေတဲ့ အကြောင်းအရာမျိုးလည်း မရှိဘူးပေါ့နော။ အသိပညာပေးမှု တခုခုပေါ့နော။ လူထုတွေ စစ်ဘေးရှောင်တွေ စိတ်ဓါတ်ကျတာပြောင်းလဲနိုင်တဲ့ တခုခုလုပ်ပေးရင်တော့ ကောင်းတာပေါ့နော။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။