၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလတလျှောက်မှ လက်ရှိကာလအထိ တိုင်းရင်းသားနယ်မြေများရှိ ဒေသခံပြည်သူများသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို အဆိုးဆုံးကြုံတွေ့နေရပြီး၊ KNU ထိန်းချုပ်နယ်မြေ ၇ ခုတွင် စစ်ဘေးရှောင်သူဦးရေသည် ၁၂ သိန်းအထက်ရှိလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး/KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ခုလုံးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးငယ်တို့နှင့် ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် KNU တပ်မဟာအသီးသီးရှိ IDP စခန်းထဲတွင် အမြဲတမ်းစစ်ရှောင်စခန်းအဖြစ် သတ်မှတ်ထားရပြီး တပ်မဟာ ၃ နှင့် ၅ တို့တွင် စစ်ဘေးရှောင်ဦးရေ အများဆုံးဖြစ်သည်ဟု KHRG ပြောခွင့်ရ စောနန္ဒာဆူးက ပြောသည်။
စောနန္ဒာဆူးက “အဆိုးဆုံး ချိုးဖောက်ခံနေရတယ်လို့ ပြောလိုပါတယ်။ ဒီထဲမှာ တိုင်းရင်းသားနယ်မြေအပါအဝင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ကြုံတွေ့နေရတယ်ပေါ့နော်။ KNU ထိန်းချုပ်နယ်မြေ ၇ ခုစလုံးမှာ ဆက်လက်ဖြစ်ပွားနေတုန်းပါပဲ၊ လက်ရှိစစ်ရှောင်ဦးရေ စာရင်းအရတော့ ၁၂ သိန်းအထက်ရှိနေတယ်။ IDP ဦးရေက တိုက်ပွဲအခြေအနေမှာ မူတည်ပြီးတော့ များပြားလာတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများသည် အခြေခံလူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်နေထိုင်ခွင့်၊ ဘေးကင်းလုံခြုံခွင့်၊ ကျန်းမာရေး၊ ပညာရေး လက်လှမ်းမီနိုင်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်တို့ကို စစ်ကောင်စီက ပိတ်ပင်ကျူးလွန်နေပြီး လေကြောင်းနှင့် တိုက်ခိုက်မှုကြောင့်လည်း ယခု၂၀၂၄ ခုနှစ်အတွင်း လစဉ် ဒေသခံထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိနေသည်ဟု စောနန္ဒာဆူးက ဆက်ပြောသည်။
IDP စခန်းအတွင်းရှိ စစ်ဘေးရှောင်များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီဖြင့် ရှင်သန်ရပ်တည်နိုင်ကြသော်လည်း ဝေးလံပြီး တောတောင်ဥယျာဉ်ခြံများအကြား စစ်ဘေးရှောင်နေရသူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် လက်လှမ်းဝေးနေသည်ဟု ၎င်းက ပြောဆိုသည်။
“IDP စခန်း မရောက်တဲ့သူက အကူအညီကတော့ လက်လှမ်းမီနိုင်ခွင့် အားနည်းတယ်ပေါ့နော်။ အကူညီပေးတဲ့ အစုအဖွဲ့ကလည်း သူတို့ပေးတဲ့အခါကြမှ သူတို့ထံ ကူညီထောက်ပံ့နိုင်တယ်။ သူတို့ကို မတွေ့ရတဲ့နေရာမှာ ဆိုရင်တော့ သူတို့က ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအရင်းမြစ်နှင့် ပါလာတဲ့စားနပ်ရိက္ခာတွေကို အမှီအခိုပြုပြီး တော့မှ ရပ်တည်ရှင်သန်နေကြတယ်” ဟု စောနန္ဒာဆူးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာတွင် တိုက်ပွဲပဋိပက္ခများကြောင့် နိုင်ငံ၏လူဦးရေ ၃ ပုံ ၁ ပုံ အရေအတွက်အားဖြင့် ၁၈.၆ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ပြောဆိုထားသည်။
ယင်းတို့အနက် အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် အခွင့်အရေးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ အာဟာရချို့တဲ့မှုနှင့် စိတ်ပိုင်းဆိုင်ရာအကာအကွယ်မဲ့မှုတို့ကို ကလေး ၆ သန်းက ရင်ဆိုင်နေရသည်ဟုလည်း သိရှိရသည်။
IMNA ပေးပို့သည်။