ဟုမ္မလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်သူတစ်သောင်းကျော်ရှိပြီး စားဝတ်နေရေးအခက်အခဲများကြုံနေရ

By MPM 26 ဩဂုတ်, 2024 👁

ဟုမ္မလင်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မြိုပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသူဦးရေ တစ်သောင်းကျော်ရှိနေပြီး စားဝတ်နေရေးအခက်အခဲများနှင့် ကြုံနေကြရသည်ဟု စစ်ဘေးရှောင်များ ပြောဆိုမှုအရ သိရသည်။

စစ်ဘေးတိမ်းရှောင်လာသူအမျိုးသားတစ်ဦးက “ပေးလို့ စားနေရတာကိုး ဆန်တောင်မှ၊ အလုပ်လေးခေါ်ရင် ထွက်လုပ်လိုက် နေ့စားလေးသူများခေါ်ရင်၊ မရှိရင်တော့ နားနေလိုက်၊ အဲ့လိုပဲ နေထိုင်နေရတာပေါ့။ မိုးရွာရေကြီးတော့ အလုပ်က သိပ်ပြီးမရှိဘူး” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုရှိသည့် လမ်းပိုင်းများ ဖြတ်တောက်ခံရပြီးနောက် လေကြောင်းလိုင်းတစ်ခုတည်းသာ အသုံးပြုနေရသဖြင့် ကုန်စျေးများ အဆမတန်မြင့်တက်နေတာကြောင့် စစ်ဘေးရှောင်များအပေါ် ရိုက်ခတ်မှု မြင့်မားနေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

စစ်ဘေးတိမ်းရှောင်ရသည့်ကာလ ၉ လအထိကြာမြင့်လာပြီး နေရပ်ပြန်နိုင်ရေး မဖြစ်နိုင်သေးတာကြောင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေကြသလို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ရရှိမှုလည်း အားနည်းနေသည်ဟု ဆိုကြသည်။

စစ်ဘေးရှောင်များအတွက် ဟုမ္မလင်းမြို့ခံများက စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးကိစ္စရပ်တချို့ ကူညီထောက်ပံပေးကြပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကလည်း ဆန်ကူညီပေးမှုရှိကြောင်း သိရှိရသည်။

စစ်ဘေးတိမ်းရှောင်လာသူများသည် ဟုမ္မလင်းဒေသအတွင်းရှိ ရွှေပြည်အေးမြို့အပါအဝင် မြို့အနီးရှိ လောင်းမင်း၊ နောင်ဆန်းကျင်၊ ဇီးပင်သာ၊ မယ်ဇလီ၊ ဖာနိုင်း၊ မြင်သာ၊ ရေလဲ စသည့် ကျေးရွာများက ဒေသခံများဖြစ်သည်။

စစ်ဘေးတိမ်းရှောင်လာသူများအား ဟုမ္မလင်းမြို့ပေါ် ခိုပဲဝရပ်ကွက်ရှိ ဆုတောင်းပြည့်စေတီ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လိုင်းခန်းတဲများတည်ဆောက်၍ နေထိုင်နေကြခြင်းဖြစ်ပြီး လူဦးရေ တစ်ထောင်နီးပါးရှိကြောင်း သိရသည်။

ကျန်ရှိသော စစ်ဘေးတိမ်းရှောင်သူများသည် ဆွေမျိုးသားချင်း မိတ်ဆွေများ၏နေအိမ်တွင် နေထိုင်ကြသလို ဟုမ္မလင်းမြို့အတွင်း အိမ်ခန်းငှား၍ နေထိုင်နေကြသူများလည်းရှိပြီး တချို့သည် ကျေးရွာများဘက်၌ စစ်ဘေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။