မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူနေသည့် ပြည်သူ့ကူညီပေးရေးအဖွဲ့ (PMCSG) တည်ထောင်သူ ကိုယောလေးနှင့် မှတ်တမ်းကောက်ယူရာတွင်တွေ့ရှိချက်များအား မေးမြန်းခြင်း။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများသည် ပိုဆိုးသထက် ဆိုးရွားလာနေသည်။ ယင်းသို့လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်ကြသူများတွင် စစ်ကောင်စီတပ်၏ ကျုးလွန်မှုသည် ထိပ်ဆုံးကဖြစ်သော်လည်း မြေပြင်အခြေအနေတွင် ကာကွယ်ရေးတပ်ဖွဲ့တချို့၊ အမည်မသိအဖွဲ့တို့က ကျူးလွန်မှုရှိနေသည်ကို စုံစမ်းသိရကြောင်း ပြည်သူ့ကူညီပေးရေးအဖွဲ့ (PMCSG) ပြောဆိုသည်။
ပြည်သူ့ကူညီပေးရေးအဖွဲ့ (PMCSG) အနေနှင့် မကွေးတိုင်းအပါအဝင် မြန်မာပြည် တနံတလျားဒေသများတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူနေသည့် အဖွဲ့ဖြစ်သည်။ ထိုသို့ မှတ်တမ်းကောက်ယူရာ၌ လေ့လာတွေ့ရှိရသည့် ဖြစ်ရပ်များ၊ ကျူးလွန်သူများ၏ တာဝန်ယူမှုတာဝန်ခံမှု အခြေအနေများကို သိရှိနိုင်ရန် PMCSG တည်ထောင်သူ ကိုယောလေးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အရင်ဦးဆုံးအနေနဲ့ မကွေးတိုင်းထဲက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုရှိနေလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ မကွေးတိုင်းအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကတော့ တခြားပြည်နယ်နဲ့ တိုင်း တွေမှာလိုပဲ ကြုံတွေ့နေရတာတွေ ရှိပါတယ်။ ဥပမာ – ဖမ်းဆီးနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ ဆက်တိုက်ပဲ။ ဒီဖြစ်စဉ်တွေဟာ report ထဲမှာ ပါသလိုပဲ၊ အုပ်စုသုံးအုပ်စုပေါ့။ အုပ်စုထဲမှာ စစ်အုပ်စုရယ်၊ နောက်တခါ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတယ်။ နောက်အခြား အမည်မခံတဲ့အုပ်စုတွေ ကျုးလွန်တာတွေလည်း ကျွန်တော်တို့ ကြုံတွေ့နေရတာ ရှိပါတယ်။ ဆိုးဆိုးဝါးဝါး ကမ္ဘာကျော်တဲ့အထိ ဖြစ်တာမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျုးလွန်တဲ့အနေအထားမျိုးတွေလည်း တွေ့ရပါတယ်။
မေး။ ။ ဒီ ၂၀၂၄ ခုနှစ် နှစ်ဝက်ကျော်အတွင်း ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အများဆုံး ကြုံတွေ့နေရလဲ။
ဖြေ။ ။ ဒီနှစ်အတွင်းမှာတော့ အများစုကျုးလွန်တာက ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းတာပေါ့လေ။ အဲဒီဖြစ်စဉ်တွေက အများဆုံးဖြစ်ပါတယ်။ တချို့ဆိုရင် ဖမ်းဆီးရိုက်နှက်ရင်းနဲ့ သေဆုံးသွားတဲ့ ဖြစ်စဉ်မျိုးလည်း တွေ့ရ ပါတယ်။ နောက်တချက်က သွားလာရေး ကန့်သတ်မှုတွေပေါ့။
စစ်ကောင်စီတွေရဲ့ယန္တရားသာမက ကာကွယ်ရေးတပ်ဖွဲ့၀င်တွေရဲ့ လုံခြုံရေး မဟုတ်ဘဲနဲ့ အခြားအခြေအနေတွေအရ ပိတ်ပင်ကန့်သတ်တာမျိုး ရှိပါတယ်။ ဥပမာအားဖြင့် စစ်ရေးလေ့ကျင့်နေလို့ ဖြတ်သန်းသွားလာခွင့်မပြုတဲ့ အနေအထားပေါ့၊ အများပြည်သူ အသုံးပြုနေတဲ့လမ်းမကြီးတွေပေါ့လေ။ ဒီအခြေအနေမျိုးတွေ တွေ့ရှိရပါတယ်။
မေး။ ။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ စစ်ကောင်စီတပ်အပြင် တခြားတော်လှန်ရေးအင်အားစုတွေရဲ့ ချိုးဖောက်မှုအခြေအနေတွေ ဘယ်လိုရှိတာကိုတွေ့ရပါလဲ။
ဖြေ။ ။ ကျုးလွန်မှုတွေက စစ်တပ်တခုတည်းကချည်း လုပ်တာမဟုတ်ဘူး။ စစ်တပ်ကတော့ ပိုပြီးဆိုးရွားတာ ပေါ့လေ။ နောက် ကာကွယ်ရေးတပ်ဖွဲ့တွေ နောက် အမည်မသိအဖွဲ့တွေ ကျုးလွန်တာမျိုးလည်း ရှိနေတယ်။ အခြေခံလူ့အခွင့်အရေး ကြေညာချက်ထဲက ကိစ္စရပ်တွေပေါ့။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေ အဲဒီလိုမျိုးတွေ ကြုံတွေ့ရပါတယ်။
မေး။ ။ တော်လှန်ရေးအင်အားစုတွေက ကျူးလွန်တဲ့ ချိုးဖောက်မှုတွေကို NUG MOD ဘက်က ဘာတွေလုပ်ဆောင်ပေးနေတာတွေ ရှိပါလဲ။ အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းနေလဲ။
ဖြေ။ ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး NUG လို့ ပြောမလား၊ MOD လို့ ပြောမလား၊ ထုတ်ပြန်တာမျိုး မတွေ့ရဘူးဗျ။ စစ်ဆေးဆောင်ရွက်တဲ့ ကိစ္စတွေ မတွေ့ရဘူး။ ဖမ်းဆီးစစ်ဆေးပြီး နောက်တခုက အခွင့်အာဏာအလွဲသုံးစားမှုတွေ မျိုးတောင်မှ ထပ်တွေ့ရတယ်ဆိုတော့ သူတို့ဘက်က စစ်ဆေးမှုတွေမရှိဘူး။ ပွင့်လင်းမြင်သာမှုတွေ မရှိဘူးလို့ပဲ ပြောရမှာပေါ့။
မေး။ ။ တော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေကို ကောက်ယူတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲ။ အဲဒါတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေပါလဲ။
ဖြေ။ ။ အထူးသဖြင့် ဒေတာတွေကောက်ရတဲ့အခါမှာ မသိအောင်ကောက်ရတဲ့ အနေအထားမျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘက်မလိုက်ဘဲ ကောက်ရတာမျိုးဖြစ်တော့ ကျွန်တော်တို့ရဲ့လုံခြုံရေး သွားလာလှုပ်ရှားရေးတွေကို အထူးသတိထားပြီးမှ ကောက်ရတာမျိုးရှိတယ်။
နောက်တခု သက်သာတာက ကျွန်တော်တို့ကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အရိပ်အာဝါသပေါ့လေ။ ဒါတွေနဲ့ လုံခြုံရေးအခြေအနေတွေ ဆောင်ရွက်ရတာ ရှိပါတယ်။ လက်ရှိ ဒေတာကောက်တာတွေနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လုပ်နေတယ် ဆိုတာမျိုးတွေတော့ ကျွန်တော်တို့ဒေသတွင်းမှာ ထုတ်ပြန်တာမျိုးတွေ မရှိပါဘူးဗျ။ No profile (အမည်ခေါင်းစဉ် မဖော်ပြဘဲ) နဲ့ပဲ လုပ်ဆောင်နေရတာမျိုးတွေရှိပါတယ်။
မေး။ ။ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနဲ့ပတ်သက်ပြီး PMCSG အနေနဲ့ ဘာများပြောကြားချင်တာရှိပါလဲ။
ဖြေ။ ။ အထူးသဖြင့် တော်လှန်ရေးဆိုတာက ခေတ်ပြောင်းစနစ်ပြောင်း လုပ်နေတာဖြစ်တယ်။ လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့နေရာမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိသော်လည်း သူများလုပ်တိုင်း မလုပ်ဖို့ လိုတယ်။ နောက် အထူးသဖြင့်ကတော့ ကာကွယ်ရေးတပ်တွေဘက်ကပေါ့လေ၊ သူများလုပ်တိုင်း မလုပ်ဖို့ လိုတယ်။ သူများလုပ်သလို ကိုယ်ကလိုက်လုပ်မယ်ဆိုရင် ကိုယ်တိုက်ထုတ်နေတဲ့ စစ်ကောင်စီနဲ့ ဘာမှ ထူးမှာမဟုတ်ဘူး။
အဲဒါမျိုးတွေ မဖြစ်ဖို့ အထူးသဖြင့်လိုတယ်။ နောက် အမှားအယွင်းတွေကို တာဝန်ယူမှုတာဝန်ခံမှုရှိရှိ ဖြေရှင်းပေးဖို့ လိုအပ်တယ်။ နောက် ပြည်သူကိုမျက်နှာမူပြီး အမှားအယွင်းနည်းနိုင်သမျှ နည်းအောင်လုပ်ဖို့ အကြံပြုချင်တာ ရှိပါတယ်။ ဒီအပေါ်မှာ ဘာလုပ်ပါ၊ ညာလုပ်ပါလို့ ပြောဆိုနိုင်ခြင်းမရှိဘူး၊ အကြံပြုတဲ့အဆင့်ပဲ လုပ်နိုင်ခြင်း ရှိပါတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါခင်ဗျာ။
ဖြေ။ ။ လက်ရှိအခင်းအကျင်းတွေနဲ့ ကြုံတွေ့နေရတဲ့ မြေပြင်အခြေအနေတွေပေါ်မှာ ပြည်သူတွေ ယုံကြည်ကိုးစားကြတဲ့ တော်လှန်ရေးအနေနဲ့ အောင်မြင်အောင် ဆွေးနွေးတိုင်ပင် ပေါင်းစပ်မှုတွေ၊ နောက်တခုက ထိန်းကြောင်းကွပ်ကဲမှုတွေ အပိုင်းတွေမှာ များများလေးလုပ်ဆောင်ပေးစေချင်ပါတယ်။ သို့မှသာ အားလုံးလိုချင်တဲ့ တော်လှန်ရေးက အောင်မြင်မှာဖြစ်ပါတယ်။ အမှားအယွင်းနည်းနည်းကနေ ထပ်ပြီးမှားယွင်းတာမျိုး မဖြစ်အောင် အထူးဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။