ဂွမြို့နယ်တွင်ဖြစ်ပေါ်နေသည့် စစ်ရေး၊ လူမှုရေးအခြေအနေများအား ဂွမြို့ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်ရှိ ကျိန္တလီမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော် (AA) ထိုးစစ်ကြောင့် ဩဂုတ်လ ၁၃ ရက်တွင် တပ်ဆုတ်ခွာသွားသဖြင့် ကျိန္တလီမြို့ကို AA က ထိန်းချုပ်လိုက်ပြီဖြစ်သည်။
ကျိန္တလီမြို့တိုက်ပွဲများကြောင့် ဂွမြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးကျေးရွာများမှ ဒေသခံသောင်းနှင့်ချီသည် ဘေးလွတ်ရာ နေရာများနှင့် ဧရာဝတီတိုင်းဘက်သို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရသည်။
တဖက်တွင်လည်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ဒေသတွင်းရှိနေသည့် ပြည်သူများမှာ စားဝတ်နေရေး အကျပ်အတည်းများစွာ ကြုံနေရသည်။ လက်ရှိ ဂွမြို့နယ်တွင် ဖြစ်ပေါ်နေသည့် စစ်ရေး၊ လူမှုရေးအခြေအနေများကို ဂွမြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ ဂွမြို့နယ်ရဲ့ စစ်ရေးအခြေနေကို သိသလောက်ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိ ဂွမြို့မှာတော့ တိုက်ပွဲဖြစ်တာတွေ မရှိသေးဘူး။ ဒါပေမဲ့ ကျိန္တလီဘက်မှာ တိုက်ပွဲတွေပြင်းခဲ့တော့ ဂွနဲ့ သိပ်ဝေးတာ မဟုတ်ဘူးဆိုတော့ ဘယ်နေ့ဖြစ်လာမလဲတော့ မသိဘူးပေါ့။ တဘက်ကတော့ (စစ်ကောင်စီ) ကြိုတင်ပြင်ဆင်မှုတွေရှိတယ်။ ဂွဆိုတာကလည်း ရခိုင်ပြည်၊ တောင်ပိုင်းအစွန်ဆုံး ဧရာဝတီနဲ့ တအားဆက်စပ်နေတဲ့အခါ ဧရာဝတီဘက်ကလည်း အင်အားတွေဖြည့်တာတွေရှိတယ်။
မေး။ ။ ဒေသခံတွေ နေရပ်စွန့်ခွာမှုအခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ဂွမြို့နယ်မှာတော့ ဒေသခံအများစု စစ်ဘေးရှောင်သွားကြပြီ။ နယ်ဘက်ကလူတွေပါ အကုန်လုံးရှောင်ပြေးကြတာ။ ဧရာဝတီ၊ ရန်ကုန်၊ ပြည်ဘက်တို့ကို အကုန်ရှောင်ပြေးသွားကြပြီ။ သံတွဲဘက်ကနေ ဂွဘက်မှာ ရှောင်နေတဲ့ စစ်ဘေးရှောင်တွေလည်း ရန်ကုန်တို့ဘက်ကို ထပ်ကူးသွားကြတယ်။ စစ်ဘေးရှောင်တချို့တော့ ကျန်ခဲ့တာရှိတယ်။
မေး။ ။ လက်ရှိ ဂွမြို့ပေါ်အခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ။ ကျိန္တလီမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်လေ။ ကျိန္တလီနဲ့ ဂွနဲ့က မိုင် ၂၀ လောက်ပဲဝေးတယ်။ ဆိုတော့ အချိန်မရွေး ဘယ်နေ့ဘယ်အချိန် ဂွမြို့မှာ တိုက်ပွဲတွေ ဖြစ်လာမလဲစိုးရိမ်ပြီး လူတွေက ရှောင်ကြတာ။ အသက်အန္တရာယ်ကို စိုးရိမ်ပြီး ထွက်ပြေးကြတာ။ ပစ္စည်းဥစ္စာဆိုရင်လည်း သယ်လို့ရတာတွေကိုပဲ သယ်လာ ကြတယ်။ ထားခဲ့ရတာတွေ အများကြီးပဲ။ မြို့ပေါ်မှာဆိုရင် အခုကျန်ခဲ့တဲ့ တချို့လူတွေက အိမ်တွေကို ဖောက်ထွင်းတာတွေ ရှိနေတယ်။
မေး။ ။ ကျန်ခဲ့တဲ့ဒေသခံတွေက ဘာကြောင့်မထွက်ပြေးကြတာပါလဲ။
ဖြေ။ ။ ငွေကြေးအခက်အခဲတွေကြောင့် ကျန်ခဲ့ကြတာ။ တိုက်ပွဲ ဒီဘက်ကဖြစ်ရင် ဟိုဘက်ကို ရှောင်မယ်၊ ဟိုဘက်က ဖြစ်လာရင် ဒီဘက်ကိုရှောင်မယ်ဆိုပြီး ကျန်ခဲ့ကြတာ။ အဓိက ငွေကြေးကျပ်တည်းလို့။ ပြီးတော့ ပိုက်ဆံရှိတဲ့ လူတွေလည်း ဝယ်စားဖို့ ဈေးဆိုင်တွေမရှိတော့ဘူး။ မြို့ပေါ်မှာလည်း ဈေးရောင်းတဲ့ဆိုင် တစ်ဆိုင်မှ မရှိတော့ဘူး။ အဲဒါကြောင့် ဆန်ရှိနေရုံနဲ့ အဆင်ပြေသလို စားနေကြတာများတယ်။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီရဲ့ မြို့ပေါ်အုပ်ချုပ်ရေးယန္တရားတွေ ဘယ်လိုအခြေနေရှိနေလဲ။
ဖြေ။ ။ ကျိန္တလီမှာတိုက်ပွဲဖြစ်တော့ ဒေသခံတွေအကုန်လုံး ထွက်ပြေးကြတယ်လေ။ ဝန်ထမ်းတွေမှာလည်း မိသားစုတွေနဲ့ ထွက်ပြေးကြတယ်။ လစာနည်းနည်းလေးကို မျှော်ကိုးပြီး ဘယ်သူကမှ အသက်အာမခံချက်မရှိတဲ့နေရာမှာ နေမှာမဟုတ်ဘူး။ ဝန်ထမ်းတွေမရှိတော့ ဂွမြို့ထဲမှာလည်း ဘာရုံးမှမဖွင့်တော့ဘူး။
မေး။ ။ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတယ်ဆိုတော့ စစ်ဘေးရှောင်တွေရဲ့ စားသောက်နေထိုင်ရေးက ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ။ ။ ကျန်ခဲ့တဲ့စစ်ဘေးရှောင်တွေက အကူညီအထောက်ပံ့တွေ မရကြဘူး။ ကူညီထောက်ပံ့တဲ့ အဖွဲ့တွေ မရှိသလောက်ပဲ။ လမ်းခရီး အခက်အခဲနဲ့ အဖမ်းအဆီးတွေကြောင့် အဖွဲ့အစည်းတွေလည်း အလုပ်မလုပ်ရဲကြတော့ ပိုပြီးဒုက္ခရောက်ကြရတယ်။
အောင်ထိန် (DMG) ပေးပို့သည်။