ခေတ်သစ်မွန်တော်လှန်ရေးခရီး အခြေအနေအပေါ် မွန်ပြည်သစ်ပါတီ (NMSP-AD) ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားနှင့် မေးမြန်းချက်။
လွန်ခဲ့သည့် “၇၇” နှစ်၊ ၁၉၄၈ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်းနှင့် မျိုးချစ်လူငယ် ၂၇ ဦးတို့ ဦးဆောင်ပြီး ခေတ်သစ်မွန်တော်လှန်ရေးတပ်ကို ထူထောင်ကာ မွန်တော်လှန်ရေးကို အစပြုခဲ့ကြသည်။ ယနေ့ အချိန်အထိ မွန်တမျိုးသားလုံး လိုလားတောင့်တနေသော စစ်မှန်သည့် လွတ်လပ်ရေးရရှိနိုင်ရန် အသက်သွေးချွေး ပေးဆပ်ကြိုးစားလာခဲ့ကြသည်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၃ နှစ်တာအလွန် ၂၀၂၄ ခုနှစ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယနေ့အချိန်ဆိုလျှင် မွန်တို့၏ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိနိုင်ရန် ဘယ်လောက်အထိ ခရီးပေါက်နေပါပြီလဲ။ လွန်ခဲ့သည့် နှစ် ၇၀ နှင့် ယနေ့ခေတ်သစ်တော်လှန်ရေးက ဘယ်လိုကွာခြားမှုတွေ ရှိနေပါလဲ။ မွန်တို့ ခေတ်သစ် တော်လှန်ရေးအပေါ် ဘယ်လိုအမြင်ရှိနေပါလဲ။ မွန်တော်လှန်ရေးတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုတွေက ဘယ်လောက်အားရဖွယ် ရှိနေလဲအပေါ် မွန်ပြည်သစ်ပါတီ (NMSP-AD) ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားကို မေးမြန်းထားပါသည်။
မေး။ ။ မွန်တွေ တော်လှန်ခဲ့တဲ့ တော်လှန်ရေးသက်တမ်းတလျှောက်လုံး မွန်တွေရဲ့ ရည်မှန်းချက်ပန်းတိုင် ဘယ်လောက်အထိ ရောက်ရှိခဲ့ပြီလဲ။
ဖြေ။ ။ မွန်လူငယ်တွေစခဲ့တဲ့ တော်လှန်ရေးက အခုဆိုရင် “၇၇” နှစ် ပြည့်ခဲ့ပြီ။ ကျွန်တော်တို့ ခေတ်အဆက်ဆက်က တော်လှန်ခဲ့တဲ့ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးသွားခဲ့တဲ့ မွန်တို့ ကံကြမ္မာတွေ၊ မွန်တွေဖန်တီးပိုင်ခွင့် တနည်းပြောရရင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိဖို့ အတွက် နိုင်ငံရေးအရ ပြောဆိုလို့မရတဲ့အဆုံး မလွှဲမရှောင်သာ လက်နက်ကိုင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို တလျှောက်လုံး တိုက်ပွဲဝင် တောင်းဆိုလာခဲ့ခြင်း ဖြစ်ပါတယ်။
ပါလီမန် ဒီမိုကရေစီခေတ်မှာရော တစ်ပါတီ စစ်အာဏာရှင်ခေတ်မှာပါ ပါတီစုံ ဒီမိုကရေစီခေတ်မှာရော ကျွန်တော်တို့မွန်တမျိုးသားလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်လာခဲ့တာ ရှိတယ်။ သို့ပေမယ့် ကျွန်တော်တို့ရဲ့ တောင်းဆိုမှု ကျွန်တော်တို့ရဲ့ လိုချင်တဲ့ပန်းတိုင်တော့ မရောက်ရှိသေးဘူးလို့ ဒီလိုပဲ ပြောရမှာဖြစ်တယ်။ ကျွန်တော်တို့ ပန်းတိုင်ရောက်ရှိဖို့အတွက် မူလအစပန်းတိုင်ဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝ ရရှိနိုင်မှသာလျှင် ကျွန်တော်တို့ရဲ့ လိုအင်တွေ ပြည့်ဝမယ်လို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။
မေး။ ။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းကနေ ပေါ်ပေါက်လာတဲ့ ခေတ်သစ်မွန်တော်လှန်ရေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ က မွန်တော်လှန်ရေးနဲ့ ယှဉ်ကြည့်ရင် ဘာတွေကွာခြားနေမလဲ။
ဖြေ။ ။ ဒီကနေ့ တော်လှန်ရေးအခင်းအကျင်းနဲ့ ကျွန်တော်တို့ လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်းက တော်လှန်ရေး အခင်းအကျင်းကြား ကွာခြားမှုတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာကိုသွားတွေ့သလဲဆိုတော့ ကျွန်တော်တို့ မွန်တွေထဲမှာ အရင်တုန်းကတော့ တော်လှန်နိုင်တဲ့အင်အားတွေ တော်လှန်နိုင်တဲ့လူတန်းစားတွေ အရေအတွက်အားဖြင့် နည်းကောင်းနည်းပေမယ့်လည်း ကျွန်တော်တို့ မွန်တစ်မျိုးသားလုံးတွေထဲမှာတော့ နိင်ငံရေးစိတ်ဆန္ဒက တထပ်တည်းသွားကျနေတာကို တွေ့ရမှာဖြစ်တယ်။
အခု မွန်နိုင်ငံရေးအခြေအနေကတော့ ဘယ်လိုဖြစ်နေလဲဆိုရင် ကျွန်တော်တို့အတွင်းမှာ နိုင်ငံရေးအရ တချို့နေရာမှာ သဘောထား မတိုက်ဆိုင်နိုင်ခဲ့တဲ့အတွက် တော်လှန်ရေးအင်အားစုကိုလည်း အကျိုးသွားပြီး သက်ရောက်နေစေခဲ့တာကို ကျွန်တော်တို့သွားမြင်မိတာ။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီတော်လှန်ရေးမှာ စုစည်းမိနိုင်ဖို့အတွက် ကြိုးစားနေဆဲ အခြေအနေမှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ လက်ရှိ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ မွန်တွေရဲ့ ခေတ်သစ်တော်လှန်ရေးမှာ မွန်တွေလိုလားတဲ့ တမျိုးသားလုံးလွတ်မြောက်ရေးအပေါ် ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်မယ်လို့ မြင်ပါလဲ။
ဖြေ။ ။ ဒီနွေဦးတော်လှန်ရေး ဒါက ကျွန်တော်တို့ မွန်တမျိုးသားလုံး လွတ်မြောက်ရေးအတွက်ရော အခြားသော အမျိုးသားလွတ်မြောက်ရေး၊ ရှင်သန်ရေးအတွက်ပါ အများကြီးအထောက်အကူဖြစ်စေတယ်လို့ ကျွန်တော် ဒီလို ရှုမြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ တော်လှန်ရေး လုပ်နိုင်မှသာလျှင် အောင်မြင်မယ်ဆိုတဲ့ ရှုမြင်ချက်က ယခင်ကတည်းကလည်း ကျွန်တော်တို့ ရှိပြီးသား ဖြစ်သလို အခုလည်း လက်တွေ့ကျကျ ပူးပေါင်းပြီးတော့မှ လုပ်ဆောင်နိုင်တာကို တွေ့မြင်ရတဲ့အတွက် အပြန်အလှန်အားဖြင့် အထောက်အကူဖြစ်စေတယ်လို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။
မေး။ ။ မွန်တွေရဲ့ ခေတ်သစ်တော်လှန်ရေးမှာ မွန်လက်နက်ကိုင်တပ်တွေကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ဖို့ ဘာတွေက လိုအပ်ချက်ရှိနေတာပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ မွန်လက်နက်ကိုင်တော်လှန်ရေးတွေကြား စစ်ရေးနိုင်ငံရေး ပူးပေါင်းနိုင်ဖို့ဆိုတာက အမှန်တော့ ကျွန်တော်ရဲ့ မွန်လူထုတစ်ရပ်လုံးရဲ့ ဖြစ်စေချင်ခဲ့တဲ့ လိုအင်ဆန္ဒတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အဓိကတော့ ကျွန်တော်တို့ကပဲ မဟာဗျူဟာကျကျ စဉ်းစားပြီးလက်တွေ့မှာ ကြိုးစားလုပ်ဆောင်နိုင်ဖို့ပဲ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ပူးတွဲထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ သန္နိဌာန်ချပြီးသားကို မြင်နိုင်မှာဖြစ်ပါတယ်။
မေး။ ။ NMSP-AD နဲ့ မွန်တော်လှန်ရေးမဟာမိတ်ဖြစ်တဲ့ MSDF၊ MSRF တို့ရဲ့ ပူးပေါင်းမှုအပေါ် ခေတ်သစ် မွန်တော်လှန်ရေးမှာ ဘယ်လောက်အတိုင်းအတာအထိ အားရဖွယ်ရှိနေလဲ။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီလိုမျိုး ပူးတွဲပြီး ပူးပေါင်းပြီး လုပ်ဆောင်သောအားဖြင့် ဘာကို အထောက်အကူ သွားပြုလဲဆိုတော့ အဓိက စစ်ရေးပေါ့။ အမှန်တိုင်းကလည်း ကျွန်တော်တို့မွန်ပြည်နယ်မှာ စစ်မြေပြင်မှာ ကျွန်တော်တို့အချင်းချင်း စုစည်းပြီး တိုက်ပွဲဝင်နိုင်မှသာလျှင် ရန်သူကို ကျွန်တော်တို့ အလုံးအရင်းနဲ့ ကျွန်တော်တို့ တိုက်ဖျက်နိုင်မှာ ဖြစ်သလို ဒီစစ်ရေးကနေတဆင့် ကျွန်တော်တို့အချင်းချင်းကြားမှာ နိုင်ငံရေးအရလည်း အရှေ့ကို ဆက်သွားနိုင်ဖို့ လွယ်ကူသွားစေမယ်လို့ ကျွန်တော်ကယူဆပါတယ်။ ဒီလိုမျိုးမျှော်လင့်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မွန်တို့ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် မွန်လူထုတရပ်လုံးကို ဘာများပြောချင်လဲ။ တိုက်တွန်းချင်လဲ။
ဖြေ။ ။ နောက်ဆုံးအနေနဲ့ မွန်လူထုတစ်ရပ်လုံးကို ပြောချင်တာက ကျွန်တော်တို့ကျရာကဏ္ဍမှာ တော်လှန်ရေးကိုပုံအောပြီးတော့ အားအင်တွေဝိုင်းဖြည့်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ တော်လှန်ရေး ဆိုတာလည်း အင်အားမရှိရင် ကျွန်တော်တို့ခံရဖို့များတဲ့ အနေအထားရှိသလို ကိုယ့်ရဲ့ ရည်မှန်းချက်လည်း ပြည့်မြောက်မှာမဟုတ်တဲ့အတွက် ကျွန်တော်တို့ ဇွဲလျော့လို့ မရပါဘူး။ ကျွန်တော်တို့ ဝိုင်းပြီးအားအင်တွေ ဖြည့်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
နောက်တစ်ခုက လူငယ်တွေ တော်လှန်ရေးလို့ပြောလိုက်ရင် လူငယ်တွေအနေနဲ့ မဖြစ်မနေ တွဲမြင်ချင်ရမယ့်အရာပဲလို့ ကျွန်တော်ဆိုလိုချင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကိုပြောရင် မဖြစ်မနေပါရမယ့်အရာကတော့ လူငယ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မွန်တော်လှန်ရေးကိုပဲ ကြည့်ရင်သိသာနိုင်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၇၇ နှစ်တုန်းကဆိုရင် လူငယ်တွေနဲ့ပဲ စခဲ့တာဖြစ်ပါတယ်။
အခုလည်းပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ဒီနွေဦးတော်လှန်ရေးမှာ သော်လည်းကောင်း အခြားသော အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသားတော်လှန်ရေးတွေသော်လည်းကောင်း ကြည့်ရင်တော့ အခုပုံဖော်နေတာက လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့လူငယ်တွေ ရည်မှန်းထားတဲ့ပန်းတိုင် ရောက်ဖို့အတွက် တော်လှန်ရေးအသိ တော်လှန်ရေး သတိရှိရှိနဲ့ သတ္တိတွေမွေးပြီး ကျွန်တော်တို့နဲ့အတူ အားအင်ဖြည့်ပြီးပြိုင်တူ တွန်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။