ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ ကြုံတွေ့နေရသည့်အခက်အခဲများအပေါ် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း – LRF ပြောခွင့်ရသူဦးအောင်ကျော်နှင့် မေးမြန်းချက်။
မြန်မာနိုင်ငံသားများ၏ ဒုတိယအိမ်ဟုတောင် ခေါ်ဆိုကြသည့် အိမ်နီးချင်းထိုင်းနိုင်ငံကို ရောက်ရှိနေကြသော မြန်မာလူမျိုးအရေအတွက်သည် စစ်အာဏာသိမ်းပြီးတဲ့နောက် အမြင့်ဆုံးအနေအထားကို ရောက်ရှိလာနေသည်။ အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲကို တရားဝင်ရော တရားမဝင်ပါ ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားဦးရေဟာ တဟုန်ထိုးများပြားလာခဲ့သည်။
ထိုင်းနိုင်ငံကို တရားဝင်ရောက်ရှိလာသော ရွှေ့ပြောင်းမြန်မာလုပ်သားများသည် လုပ်ခလစာ အပြည့်အဝမရရှိခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရခြင်းတို့ကို ကြုံတွေ့နေရသည့်အပြင် တရားမဝင် ရောက်ရှိလာသူ များသည်လည်း ဖမ်းဆီးခံရခြင်း၊ အလုပ်အကိုင် မရရှိမှုများနှင့် ရင်ဆိုင်ကြုံနေကြရသည်။
ထိုင်းနိုင်ငံရောက်မြန်မာများ ဘယ်လိုအခက်အခဲများနှင့် ရင်ဆိုင်နေရပါလဲ။ ဘာတွေသတိထားသင့်ပါသလဲ။ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF (Labour Rights Foundation) အနေနှင့် မြန်မာလုပ်သားများကို ဘာတွေကူညီပေးနေပါလဲဆိုတာသိရနိုင်ရန် LRF ပြောခွင့်ရသူ ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လတ်တလောမှာ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း- LRF အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် ဘယ်လိုကူညီလုပ်ဆောင်မှုတွေ အသိပညာပေးမှုတွေ ရှိနေပါလဲ။
ဖြေ။ ။ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF အနေနဲ့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ၈ သန်းရဲ့ တန်းတူညီမျှမှု၊ တရားမျှတမှု အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိမှုတို့ကို အဓိက ဆောင်ရွက်တယ်။ နောက် သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခက်အခဲကို ကျွန်တော်တို့က အတတ်နိုင်ဆုံး တရားမျှတမှုရအောင် ပူးပေါင်းဆောင်ရွက်တယ်။
ပညာပေးတဲ့အခါမှာကြတော့ အဓိက ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ်ယူတဲ့အခါမှာ အဓိက က မတရားတာမရှိအောင် အလုပ်ရှင်ကိုယ်တိုင်က ဦးဆောင်ပြီး စာရွက်စာတမ်းပြုလုပ်တယ်ဆိုရင်တော့ ရတယ်။ အကယ်၍ အလုပ်ရှင်ကဦးဆောင်ပြီး မလုပ်ပေးရင် မတရားအကျိုးအမြတ်ရှာတဲ့ ကုပ်သွေးစုပ်တဲ့ ပွဲစားတွေရဲ့ ဂွင်မဖြစ်ရအောင် အဓိက အသိပညာပေးတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ဖို့ သူတို့သတ်မှတ် ထားတဲ့ လုပ်ငန်းအမျိုးအစား သူတို့သတ်မှတ်ထားတဲ့ အလုပ်ရှင်နဲ့ တည့်တည်မတ်မတ်ဖြစ်အောင် အသိပေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ထိုင်းအလုပ်သမားဌာနမှာ ရေးထားတာက အလုပ်ရှင်မတူရင် ဖမ်းဆီးအရေးယူခံရမယ်။ နောက် အလုပ်အမျိုးအစားမတူရင်လည်း ဖမ်းဆီးအရေးယူခံရမယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်အမျိုးအစား သတ်မှတ်ထားတယ်။ ပြီးရင် သူ့နိုင်ငံသားတွေ ဝင်ရောက်လုပ်ကိုင်မယ့် အလုပ်အမျိုးအစားတွေမှာ လုပ်ကိုင်မိရင် ဖမ်းဆီးအရေးယူခံရမယ် ဒါတွေကိုလည်း အသိပညာပေးနေပါတယ်။
မေး။ ။ ထိုင်း – မြန်မာနယ်စပ်ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဖမ်းဆီးခံရမှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော်မှုအခြေအနေတွေ ဘယ်လိုမျိုးတွေ့နေရပါလဲ။
ဖြေ။ ။ ဒါကလည်း အင်မတန်စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။ ကျွန်တော် ဒီကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရိမ်ဆုံးကိစ္စလို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအစိုးရကလည်း Plan တစ်ခုချထားတာရှိတယ်။ ဒါကလည်း မီဒီယာကနေ အားလုံးသိထားပြီးသားကိစ္စပါ။ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေအားလုံးကို ဥပဒေကြောင်းအရ ရှာဖွေစစ်ဆေး ဖမ်းဆီးအရေးယူမယ်လို့ပြောပြီး ပြစ်မှု၊ ပြစ်ဒဏ် တပ်ပြီး ပြန်ပို့မယ်ဆိုတဲ့ အကြောင်းအရာတွေရှိတယ်။ မီဒီယာတွေအားလုံး သိပြီးသားပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာဆိုရင် ထိုင်းအစိုးရကိုယ်တိုင် ကြေညာထားပါတယ်။ တစ်နိုင်ငံလုံး ရှာဖွေစစ်ဆေးတဲ့ အခါမှာ လူဦးရေ တစ်သိန်း လောက် ရှာဖွေဖမ်းဆီးထားပါတယ်လို့ ကြေညာချက်ထုတ်ပြန်တယ်။ အဲဒီနေရာမှာ ထူးထူးခြားခြား မြန်မာနိုင်ငံသား ရှစ်သောင်းကျော် ပါဝင်နေတယ်။ ဒီလူတွေဟာ မြန်မာပြည်မှာ နေဖို့ခက်ခဲပြီး အကြောင်း အမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားနေတယ်ဆိုတာ နားလည်တယ်။
ကျွန်တော်တို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်နေရတာတော့ နည်းလမ်းမျိုးစုံနဲ့ တရားဝင်နည်းနဲ့ မရတဲ့အခါမှာ တရားမဝင်နည်းနဲ့ လာနေတဲ့လူတွေ ဖြစ်ပါတယ်။ ထိုင်းအစိုးရကလည်း နယ်စပ်ဒေသတွေကို အရင်နဲ့မတူဘဲနဲ့ အတားအဆီးတိုးမြှင့်ချထားပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတယ်။ ဒါတွေကိုစိုးရိမ်လို့ ဘယ်လို့စကားလုံး အသုံးအနှုန်း သုံးရမှန်းမသိအောင်ထိ ဖြစ်နေပါတယ်။
မေး။ ။ ထိုင်းနိုင်ငံမှာဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းက နယ်စပ်ကော့သောင်းမြို့ဘက်ကို ပြန်ပို့ပြီး မြန်မာစစ်ကောင်စီဘက်က ဒီအလုပ်သမားတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ဖမ်းဆီးသွားတာရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ စောစောကပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော့်အနေနဲ့ ပြောစရာစကားလုံးတောင်မရှိပါဘူး။ ဖမ်းဆီး အရေးယူခံရမယ်ဆိုတာ ဒါပေမဲ့ ထိုင်းကိုလည်း အပြစ်ပြောလို့မရပါဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူ့နိုင်ငံရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံတိုင်းချမှတ်ထားပြီးသားဖြစ်တယ်။ ဘယ်နိုင်ငံတိုင်းမဆို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဆိုရင် အရေးယူတာမှန်တယ်။
သို့သော် ကျွန်တော်တို့လည်း အထူးမေတ္တာရပ်ခံချက်တွေ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိလက်ရှိ အခြေအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးလာရတဲ့သူတွေကို လူသားချင်း စာနာထောက်ထားပြီး အကူအညီပြုလုပ်ပေးပါဆိုပြီး အကူအညီတောင်းဆိုထားတာရှိတယ်။ အဲဒီတော့ တရားမဝင် ဖမ်းဆီးအရေးယူခံရတာမျိုးတွေ၊ တဖက်မိခင်နိုင်ငံကို ပြန်လည်လွှဲပြောင်းတဲ့အခါမှာ စစ်မှုမထမ်းမနေရဥပဒေ ရှိနေတယ်။
သူတို့အဲဒါတွေ အားလုံးကိုပြောပြပြီး ပြန်ပို့တဲ့လုပ်သားတွေ အားလုံးကို စစ်မှုထမ်းခိုင်းတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရတယ်။ ဒါတွေကိုလည်း တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး နည်းလမ်းမျိုးစုံနဲ့ ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းပြီး အထူးမေတ္တာရပ်ခံ တောင်းဆိုထားတာရှိပါတယ်။
မေး။ ။ ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာပြီးတော့ အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင်မရတာ လနဲ့ချီတာတွေ ရှိပါတယ်။ ဒီအပေါ် ဘာများပြောလိုပါလဲ။ အထောက်အထားမရှိဘဲ အလုပ်မရတဲ့ လုပ်သားဦးရေ ဘယ်လောက်ထိရှိနိုင်မလဲ။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းဘူး။ ဘာလို့ဆို ထိုင်းမှာလည်း ဥပဒေပြဌန်းထားတဲ့အခါ အလုပ်ရှင်ရော အလုပ်သမားရော ပြဌာန်းထားတာဖြစ်တယ်။ ဥပဒေနဲ့လည်း ပြဌာန်းထားတာက ထိုင်းနိုင်ငံအလုပ်ရှင်များသည် တရားမဝင် နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားများကို ငှားရမ်းခိုင်းစေတာက ပြစ်မှု၊ပြစ်ဒဏ် ဖြစ်နေတယ်။ အလုပ်ရှင်တွေကလည်း ကြောက်ရွံ့တဲ့အတွက်ကြောင့် အရဲ့စွန့်ပြီး အလုပ်သမားမခေါ်ဘူးဆိုတော့ အလုပ်သမား တွေမှာ ထိုင်းနိုင်ငံအစိုးရလည်း တရားဝင်နေထိုင်ခွင့် အလုပ်သမားလက်မှတ်တွေ ကြေညာထားတာ မှန်သော် လည်း အခုအချိန်မှာ ထိုင်းနိုင်ငံအစိုးရအတွင်းမှာလည်း အပြောင်းအလဲများတဲ့အတွက် ဒီအလုပ်သမားတွေဟာ လနဲ့ချီနေထိုင်ပြီး အခက်အခဲတွေ ဖြစ်နေတယ်ဆိုတာ ကြားသိရတယ်။ ဒါတွေကြောင့် စိတ်မကောင်း ဖြစ်ရတယ်။
ဒီအလုပ်သမားတွေကို မေတ္တာရပ်ခံချင်တာက မိမိရဲ့ရပ်ဆွေရပ်မျိုး ဆွေမျိုးသားချင်းတွေမှာ ခေတ္တ ယာယီခိုလှုံပြီးမှ သိုသိုသိပ်နေထိုင်ဖို့ လိုအပ်တယ်။ မလိုအပ်ရင် အပြင်ကို ခရီးသွားလာတာတွေ လုံးဝမလုပ်ဖို့ လိုအပ်တယ်။ အကယ်၍ ရှာဖွေဖမ်းဆီးခံရမယ်ဆိုရင် နယ်စပ်ကိုပြန်ပို့တဲ့အခါ မှာ မလိုလားအပ်တဲ့ဒုက္ခတွေ ဖြစ်တဲ့အတွက် ဆင်ခြင်ဖို့လိုတယ်။ ထိုင်းနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် ခုနှစ်ဆယ့်ခုနှစ်ခု ရှိတဲ့အတွက် ဘယ်လောက်ထိစိမ့်ဝင်ပြီး ဘယ်လောက်အထိ ခိုအောင်းနေလဲဆိုတာ ကျွန်တော်တို့အနေနဲ့ ကြေညာချက်လုပ်ပြီး ပြောလို့မရဘူး။ သို့သော်ခန့်မှန်းချက်က မြန်မာပြည်မှာ ဘယ်လိုမှရပ်တည်လို့မရတဲ့အတွက် အမြောက်အမြား ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီလို့ သုံးသပ်လို့ရတယ်။ ကိန်းဂဏန်းကို တွက်ဆဖို့ အတွက်ကတော့ အင်မတန် ခက်ခဲပါတယ်။
မေး။ ။ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိတယ်။ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရှိမှ ပြည်ပကို သွားရောက်အလုပ်လုပ်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။ သူတို့ကြေညာချက်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ နိုင်ငံတကာမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ထိုင်းနိုင်ငံမှာက လုပ်အားခအနိမ့်ဆုံး ရရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ စင်ကာပူတို့ တောင်ကိုးရီးယား၊ ဂျပန်ကို သွားတယ်ဆိုတာတော့ အရည်အသွေးရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် လုပ်အားခရရှိတာကတော့ တော်တော် များများရရှိပေမဲ့ ထိုင်းနိုင်ငံမှာကြတော့ ထိုင်းနိုင်ငံမှာရေးထားတဲ့ဥပဒေမှာကြတော့ ထိုင်းလူမျိုးများ မလုပ်နိုင်သော မလုပ်ချင်သော အလုပ်အကိုင်မျိုးကိုသာ နိုင်ငံခြားရွေ့ပြောင်းအလုပ်သမားများကို စေခိုင်းရမယ်ဆိုတာမျိုး ဥပဒေမှာ ရေးထားပြီးသား ဖြစ်ပါတယ်။
ကျွန်တော်တို့က အနိမ့်ဆုံးလုပ်အားခကိုသာရမယ်။ ပြီးရင် အင်မတန် ပင်ပန်းမယ်။ ခက်ခဲပြီးအန္တရယ် ရှိတဲ့အလုပ်တွေ လုပ်ရတယ်။ ဒီလုပ်အားခအနည်းငယ်သာရရှိတဲ့ မြန်မာနိုင်ငံ သားတွေဆီက OWIC မပါရင် မသွားရ။ ပြီးရင် နှစ်ဆယ့်ငါးရာခိုင်နှုန်းပေးရမယ်။ အထောက်အထားမရှိရင် မသွားရ ငွေပြန်လွှဲပေးကို လွှဲရမယ် ဆိုတဲ့ကြေညာချက် ပြီးရင်လုပ်အားခရဲ့ နှစ်ရာခိုင်နူန်းကို အခွန်ဆောင်ရမယ်ဆိုတာ ကျွန်တော်ထင်တယ်။ အတင်းအဓမ္မ ဂုတ်သွေးစုပ်တာလို့ပဲ ပြောချင်ပါတယ်။
မေး။ ။ တခြားဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်အနေနဲ့ ပြောလိုတာကတော့ လက်ရှိပကတိအခြေအနေမှာ မြန်မာပြည်ကြီး၊ တစ်ကမ္ဘာလုံး မှာရှိတဲ့ နိုင်ငံတွေကြားထဲမှာ အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ညဏ်အရည်အသွေးနဲ့ ချင့်ချိန်ပြီး သိုသိုသိပ်သိပ်နေထိုင်ကြဖို့ ပြည်တွင်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကလည်း ပြည်ပနိုင်ငံ တစ်ခုခုကိုသွားမယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုတင်လေ့လာသုံးသပ်ပါ။
မိမိဆိုက်ရောက်မယ့် နိုင်ငံရဲ့သဘာဝ၊ ဥပဒေ၊ လူနေမှုအသိုင်းအ၀န်းတွေအားလုံး စနစ်တကျလေ့လာပြီး သွားရောက်ဖို့၊ အလွယ်တကူပွဲစားတွေ လက်ထဲအပ်ပြီး သွားရောက်တာမဟုတ်ဘဲနဲ့ လိမ်လည်လှည့်ဖြားခြင်းတွေ ကင်းဝေးဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကလည်း တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လက်ရှိထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေကို အစဉ်မပြတ် နိုးနိုးကြားကြားနဲ့လေ့လာပြီး နေထိုင်ဖို့ အားလုံးကိုအကြံပေးချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။