မင်းတပ်မြို့အနီးရှိဖွီကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်တချို့ပျက်စီး

By MPM 20 ဩဂုတ်, 2024 👁

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ဖွီကျေးရွာထဲကို စစ်ကောင်စီက သြဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တမနေ့ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မင်းတပ်ဒေသခံတစ်ဦးက “ဒီမနက် ၄ နာရီ ပတ်ဝန်းကျင်မှာ ဖွီကျေးရွာမှာကျလို့ လူကတော့ ဘာမှထိခိုက်မူ မရှိဘူး။ အိမ်တွေကတော့ နည်းနည်းပါးပါးထိတယ်။ ရွာထဲက ပြည်သူတွေက လေကြောင်း ကြောက်ပြီးတော့ ရွာထဲမနေတော့ပဲ ခြံတွေမှာပုန်းပြီး နေကြတာလေ၊ လူမရှိတဲ့အတွက်ကြောင့် လူထိခိုက်မူမရှိတာပါ” ဟု ပြောသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် အာရက္ခတပ်တော် (AA) တို့ အင်အားအများအပြားဖြင့် မြို့သိမ်းတိုက်ပွဲအတွက် ဝင်ရောက်လာသည်ဟု သတင်းရရှိထားသောကြောင့် ယခုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ယခုဗုံးကြဲခံရသည့် ဖွီကျေးရွာသည် မင်းတပ်မြို့၏ အနောက်ဘက် (၉) မိုင် အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ နီးပါး ရှိသည့်ကျေးရွာလည်း ဖြစ်သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက် ရှိသောကြောင့် မင်းတပ်မြို့နယ်တွင် လူစုလူဝေးပြုလုပ်ခြင်း၊ မိမိနေအိမ်များအနီး အိမ်အောက်မဟုတ်သည့်နေရာ၌ ပုန်းခိုစရာ နေရာများ သေချာပြင်ဆင်ခြင်း၊ မိမိအန္တရယ်ကင်းရန် သတင်းများကို အုပ်ချုပ်ရေးမှူး (သို့) တာဝန်ရှိသူများထံ မေးမြန်းခြင်း၊ အများပြည်သူများ စိတ်သောက ရောက်စေသည့် သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် CDF-Mindat က ဩဂုတ်လ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။