စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း နယ်စပ်မြို့တစ်ခုဖြစ်သည့် တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၄ ဦး သေဆုံးပြီး တပ်သား ၂၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသက ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
တကောင်းမြို့ကို ဩဂုတ်လ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ မြို့သိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ၈၃ လက်၊ ကျည်မျိုးစုံ ၁၄၀၀၀ ကျော်နှင့်ဗုံးသီးမျိုးစုံ ၁၃၀ ခန့် သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း NUG အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က စ၍ စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့အထိုင်ချထားသည် တကောင်းတိုက်နယ် ပြည်သူ့ဆေးရုံဝန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနှင့် သမိုင်းဝင်လေးမျက်နှာ ဘုရားဝန်းအတွင်းမှ ကာကွယ်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ကို ခုခံခဲ့သည်ဟု ဖြစ်စဉ်ကိုသိသည့် ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဆေးရုံဗန်ကာထဲက ဟာတွေကြတော့ သူတို့က အလင်းဝင်လိုက်တာပေါ့။ ကျန်တဲ့ ဟိုဟာတွေကတော့ တိုက်တာပါ့။ လေးမျက်နှာဘုရားထဲက ဟာတွေလည်း တိုက်တာ၊ လေးမျက်နှာဘုရားတွေလည်း စုတ်ပြတ်သတ် ဘုရားတွေပြိုတယ်” ဟု ၎င်းက ဆိုသည်။
တကောင်းမြို့ခံ အားလုံးနီးပါးသည်လည်း တကောင်းမြို့ဝန်းကျင် စစ်ရေးအခြေအနေများကြောင့် မြို့ပေါ်တွင် မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောဆိုသည်။
မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရှေးဟောင်းသမိုင်းဝင် နေရာနှစ်ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ရှေးဟောင်းပစ္စည်းများလည်း ပျက်စီးမှုများရှိခဲ့သည်ဟု တကောင်းဒေသခံများက ပြောဆိုကြသည်။
တကောင်းမြို့သည် ဧရာဝတီမြစ်နှင့် ကပ်လျက်ရှိနေသည့် ရှေးဟောင်းသမိုင်းဝင်မြို့တခုဖြစ်ပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အစပ်တွင်ရှိသည့် မြို့လည်းဖြစ်သည်။
တကောင်းမြို့သိမ်းတိုက်ပွဲကို NUG လက်အောက်ခံ အမှတ် (၁) စစ်ဒေသ အထူးလှုပ်ရှားတပ်ရင်း (SR 3)၊ အမှတ် ၅၁၁ တပ်ရင်း၊ သပိတ်ကျင်းမြို့နယ် ပကဖနှင့် တကောင်းတိုက်နယ် ပကဖတို့ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
တကောင်းမြို့အတွင်း ဝင်ရောက်လာသည့် ကာကွယ်ရေးပူးပေါင်းတပ်များကို တကောင်းဒေသခံပြည်သူတို့က သပြေပန်းများဖြင့် ဆီးကြိုသည့် ဗီဒီယိုမှတ်တမ်းဖိုင်ကိုလည်း သပိတ်ကျင်းမြို့နယ် ပကဖ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ရှမ်းနီအသံ ပေးပို့သည်။