စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့တွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွဲနေပြီး ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းအထိ နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း အင်းတော်မြို့စစ်ဘေးရှောင်များ ပြောဆိုမှုအရ သိရှိရသည်။
အင်းတော်မြို့ကို ဩဂုတ် ၁၆ ရက်နေ့ နံနက် ၄ နာရီမှ စတင်ပြီး တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွဲနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့ညအထိ တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။
အင်းတော်မြို့စစ်ရှောင်တစ်ဦးက “သူတို့ (PDF) ကြဲတာကြတော့ မြို့ထဲက တိုက်အိမ် လေး၊ ငါးလုံးလောက် ပျက်သွားတယ်။ အဲ့ဒါက PDF ကလုပ်တာ ဒရုန်းနဲ့ ထုတာ၊ ဒရုန်းနဲ့ ထုလိုက်တော့ အိမ်က ၅ လုံးလောက်တော့ ပါသွားတယ်။ စစ်တပ်တွေရှိတဲ့ နေရာပေါ့ညယ်” ဟု ပြောသည်။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲစတင်ဖြစ်ပွားသည့် ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အင်းတော်မြို့စစ်ဘေးရှောင်တို့၏ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး “မနေ့က (ဩဂုတ် ၁၆ ရက်) ကြတော့ ရေနားတန်းကိုကြဲတာ။ ရေနားတန်းက အောင်မင်္ဂလာရပ်ကွက်ထဲမှာ ပါတယ်။ ဒီကနေ့ (ဩဂုတ် ၁၇ ရက်) တော့ ညောင်ပင်စုရပ်ကွက်ကိုကြဲတာ” ဟု အင်းတော်ဒေသခံတစ်ဦးက ပြောဆိုသည်။
အင်းတော်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက တော်လှန်ရေးအင်အားစုများကို လာရောက်တိုက်ခိုက်ခြင်းမပြုရန် ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ ယခုလို နှစ်ဖက်တပ်ကြားတိုက်ပွဲ ပြင်းထန်လာခဲ့ရသည်ဟု အင်းတော်မြို့စစ်ရှောင်များထံကတဆင့် သိရှိရသည်။
အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း တော်လှန်ရေးအင်အားစုများဘက်က သတင်းထုတ်ပြန်လာခြင်း မတွေ့ရှိရသေးပေ။
အင်းတော်မြို့သည် မန္ထလေး – မြစ်ကြီးနားလမ်း ဗျူဟာလမ်းမပေါ်တွင် တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပြီး အင်းတော်မြို့ကနေ ဗန်းမောက်မြို့နယ်၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့ကို ဆက်သွယ် သွားလာနိုင်သည့် အရေးပါသည့် မြို့တစ်ခုလည်း ဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။