ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်တချို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးရာတွင် သွားရောက်ကြည့်ရှု့မီးငြိမ်းရန် ကြိုးစားပေမယ့် စစ်ကောင်စီတပ်က သေနတ်နှင့် ပစ်ခတ်ခြောက်လှန့်သည်ဟု လွိုင်ကော်ဒေသခံတချို့က ပြောသည်။
“အိမ်တွေကို မီးရှို့တယ်ဗျ။ သွားကြည့်မို့လုပ်တော့ ပစ်တာ၊ ကံကောင်းလို့ မထိတယ်။ လူမရှိတဲ့ အိမ်တွေပေါ် တက်ပြီး သူတို့ (စစ်ကောင်စီ) လိုချင်တာ ယူသွားတာပဲ” ဟု ကိုယ်တိုင်ကြုံတွေ့လာတဲ့ လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ဇွန်လနောက်ဆုံးပတ်ကစ၍ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်နှင့် အနီးအနားကို အင်အားဖြည့်တင်းဝင်ရောက်လာပြီးနောက် မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော် နည်းပညာတက္ကသိုလ်၊ မြကလပ်တောင်၊ ပန်ကန်းရပ်ကွက်တို့၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသောကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဆိုသော ဝါဒဖြန့်သတင်းများကြောင့် လွိုင်ကော်မြို့ခံ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာနေထိုင်ကြကြောင်း ၎င်းတို့က ပြောပါသည်။
သို့သော် ယခုကဲ့သို့ စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ကြား တဖန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာကြောင့် ထပ်မံ တိမ်းရှောင်နေရသည်ဟုလည်း လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်က ဒေသခံတစ်ဦးက ပြောဆိုသည်။
“သတင်းတွေတွေ့တော့ ယုံတယ်လို့မဟုတ်ပေမဲ့ သူများမြို့ရွာမှာနေဖို့ မတတ်နိုင်တဲ့အဆုံး ပြန်လာရတော့တာပဲ။ အခု ကိုယ်နေတဲ့ရပ်ကွက်က မငြိမ်သေးတော့ စိန်တစ်လုံးကျောင်းမှာ သွားနေရတယ်” လို့ မိုင်းလုံးရပ်ကွက်ဒေသခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားတာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသည့် လွိုင်ကော်မြို့ခံတို့၏ နေအိမ်အများစုသည် ဖောက်ထွင်း ခိုးယူမှုခံကြရကြောင်း မြို့ခံတို့ပြောဆိုမှုအရ သိရသည်။
မြို့တွင်းရှိ နေအိမ်များမှပစ္စည်းများကို ဖောက်ထွင်းယူသည့်အုပ်စုက စစ်ကောင်စီတပ်နှင့်ညှိယူပြီး တိုက်ပွဲဖြစ်ပွားနေသော ရပ်ကွက်အတွင်း လှုပ်ရှားဖောက်ထွင်း ခိုးယူနေကြသည်ဟု ဒေသခံတဦးက ပြောဆိုသည်။
“ပန်ကန်းမှာ စစ် စဖြစ်တဲ့ရက်တွေမှာ ရပ်ကွက်နေတဲ့သူတွေက ပြန်ကြည့်ခွင့် မရဘူး။ သူခိုးတွေကြ တပ်နဲ့ပေါင်းပြီး ဝင်သယ်လို့ရတယ်။ သူခိုးစျေးကွက်ရော သူခိုးလက်ခံတွေရော ဗြောင်ပဲ လုပ်စားနေကြတာ။ သိပေမဲ့ ဘယ်သူမှလည်း အရေးမယူကြပါဘူး” ဟု လွိုင်ကော်ဒေသခံက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဩဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းနှင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ဇူလိုင်လအတွင်း မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်း တလျှောက်က ဒေသခံပြည်သူတို့၏ နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနေတာ ကြောင့် နေရပ်မပြန်လာကြရန် ဒေသခံများကို အသိပေးပြောဆိုထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။