နောင်ချိုတွင် စစ်ကောင်စီတပ် အင်အားမဖြည့်နိုင်ရန် TNLA ပူးပေါင်းတပ်က လမ်းဖြတ်တောက်ထား

By MPM 16 ဩဂုတ်, 2024 👁

သျှမ်းပြည်၊ နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကို စစ်ကောင်စီတပ် အင်အားမဖြည့်နိုင်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်တောက်လိုက်ကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် ညအချိန်တွင် နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက်အဝင်လမ်း နမ့်ဆိုင်ချောင်းကူးတံတားအကျော်တွင် TNLA ပူးပေါင်းတပ်များက ဘက်ဟိုးဖြင့် လမ်းပေါ်မြေတူးကာ စစ်ကောင်စီတပ် အင်အားမဖြည့်တင်းနိုင်ရန် လမ်းဖြတ်တောက်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်နဲ့တောင် ဖြတ်သွားလို့ မရတော့ဘူး။ သကြားစက်ထဲ ဝင်တော့မယ့်လမ်းမှာ တမြန်နေ့ (ဩဂုတ်လ ၁၄ ရက်) ညတုန်းက ဘက်ဟိုးနဲ့ မဟာမိတ်တပ်တွေ တူးလိုက်တာ။ မနေ့ကနေ ဒီနေ့အထိ စစ်ရှောင်တွေ ဖြတ်လို့မရတော့ဘူး။ ကုမ္ပဏီထဲ ဝင်မယ့်ကားတွေလည်း တံတားထိပ်မှာ ခံနေတယ်။ အဲ့ဘက်ကနေ စစ်ကောင်စီ အင်အားဖြည့်လာမှာစိုးရိမ်တာ” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးနှင့် ၈ မိုင်ခန့်ကွာဝေးသည့် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကို TNLA ပူးပေါင်းတပ်က လမ်းဖြတ်တောက်လိုက်ခြင်းကြောင့် ဒေသခံများလည်း သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

အခြားဒေသမှ စစ်ဘေးရှောင်များလည်း ဆမ္မဆယ်၊ ကံ့ကော်၊ သပြေဝန်း၊ လွန်းကျော်ဘက်မှတဆင့် ပြင်ဦးလွင်သို့ ဆက်လက်သွားရောက်ရကြောင်း ဒေသခံများက ပြောဆိုသည်။

“လယ်ကျင်းကွေ့ကနေ သကြားစက်ဆင်းသွားရင် ဘန့်ဘွေးအထိ လမ်းပေါက်တယ်။ ကြားထဲက ရွာတွေလည်း ပစ္စည်းဝယ်၊ ဟင်းဝယ်ဆို သွားလာလို့ မရတော့ဘူး၊ လမ်းလျှောက်ပဲရတော့မှာ။ ပြင်ဦးလွင်ကနေ ကုန်နဲ့ ပစ္စည်းလည်း သယ်လာရောင်းလို့ မရတော့ဘူး” ဟု နောင်ချိုဒေသခံအမျိုးသားက ဆက်ပြောဆိုသည်။

ယင်းအပြင် ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်) နေ့လယ် ၂ နာရီကျော်တွင် နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးရပ်ကွက်နှင့် ဘူတာရပ်ကွက်အကြား ယာယီဈေးအဖြစ် ဖွင့်လှစ်ရောင်းချသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးဆံမပေါက်ကွဲခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။