“ကျွန်တော်တို့ ထမင်းနပ်မှန်နေတဲ့အချိန်မှာ ပြည်သူလူထု ထမင်းငတ်တာမျိုး ကျွန်တော်တို့အဖြစ်မခံပါဘူး။ ကိုယ်ရှိနေတာက တစ်လုတ်တော့ ခွဲကျွေးမှာပဲ။ ဒါက အဆိုးဆုံးအခြေအနေကို ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေကို ပစ်မထားဘူး ရအောင်ပံ့ပိုးမယ်၊ ကူညီမယ်။ ဒါကြောင့်အားလုံး စိတ်မလျော့ပါနဲ့ တော်လှန်ရေးပြီးတဲ့ ဆက်လက်တောင့်ခံပေးကြပါဦးလို့…” ကိုမင်းသွေးသစ် (မြေပြင်တာဝန်ခံ / ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့)

By MPM 15 ဩဂုတ်, 2024 👁

နွေဦးတော်လှန်ရေးတွင်ပါဝင်သူများအား တစ်ထောင့်တစ်နေရာကနေ ကူညီပံပိုးပေးနေသည့် မဲဆောက်မြို့က ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့၏ တစ်နှစ်တာဖြတ်သန်းမှု အခြေအနေများနှင့်ပတ်သက်ပြီး အဖွဲ့၏ မြေပြင်တာဝန်ခံ ကိုမင်းသွေးသစ်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ထိုင်း – မြန်မာ နယ်စပ် မဲဆောက်မြို့ကို နွေဦးတော်လှန်ရေးလုပ်ဆောင်သူများ၊ ထောက်ခံသူများဟာ ခိုလှုံရောက်ရှိလာကြသည်။ မဲဆောက်မြို့ဆီ ရောက်ရှိလာကြသူတိုင်းသည် လူတစ်ယောက်ရှင်သန်ရေးအတွက် အဓိကကျသည့် စား၊ ဝတ်၊ နေရေး အခက်အခဲများတွင် စားသောက်ရေးအတွက် အခက်ကြုံကြရလေ့ရှိသည်။

ထိုသို့အခက်အခဲများကို တဖက်တလမ်းကနေ ဖြေရှင်းပေးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းကစ၍ ထမင်းတစ်နပ် ၁၅ ဘတ်ဆိုသည့်အဖွဲ့တစ်ခု မဲဆောက်မြို့တွင် ထွက်ပေါ်လာခဲ့ပြီး တော်လှန်ရေးရဲဘော်များ၊ ရပ်တည်လှုပ်ရှားသူများအတွက် ထိုင်းငွေ ၁၅ ဘတ်တန်ဖိုးရှိ ထမင်းတစ်နပ်ကို ဝေမျှကူညီခဲ့ကြသည်။

လက်ရှိတွင် ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့သက်တမ်း တစ်နှစ်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့ရသော အခက်အခဲများ၊ ရရှိခဲ့သည့် အောင်မြင်မှု၊ ယခုလို ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့တစ်ဖွဲ့အနေနှင့် နွေဦးတော်လှန်ရေးကို တစ်ထောင့်တစ်နေရာကနေ ကူညီဆောင်ရွက်မှုများ အပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့၏ မြေပြင်တာဝန်ခံ ကိုမင်းသွေးသစ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့မှာ ဘာတာဝန်ယူထားပါလဲ။ ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့ကို ဖွဲ့စည်း ထူထောင်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ၁၅ ဘတ်မှာ ကျွန်တော်က မြေပြင်တာ၀န်ခံအနေနဲ့ တာဝန်ယူထားပါတယ်။ ဒီအဖွဲ့ စပြီး တည်ထောင်ရတဲ့ ရည်ရွယ်ချက်က နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် မဲဆောက်ကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ တော်လှန်ရေး အသိုင်းအဝန်းမှာရှိနေတဲ့ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေ၊ တော်လှန်ရေးရဲဘော်တွေ သူတို့ရဲ့ကြုံနေရတဲ့ ဒုက္ခတွေကို တတ်နိုင်သလောက် ထမ်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိက ၁၅ ဘတ်နဲ့ ထမင်းရောင်းပေးမယ်ပေါ့။ အဓိက ဦးတည်တာကတော့ တော်လှန်ရေး အသိုင်းအဝန်းကို ရသလောက် ဝိုင်းကူကြမယ်ဆိုပြီးတော့ပေါ့။ တော်လှန်ရေးပြီးတဲ့အထိ တောင့်ခံနိုင်အောင်လို့ပါ။

မေး။ ။ အခု ထမင်းတစ်နှပ် ၁၅ ဘတ်အဖွဲ့ရဲ့ သက်တမ်းက တစ်နှစ်ပြည့်ခဲ့ပြီဆိုတော့ ဒီတစ်နှစ်တာကာလအတွင်းမှာ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံခဲ့ရသလဲ။ အောင်မြင်မှုဆိုရင်ရော ဘာဖြစ်မလဲ။

ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးကြုံရပါတယ်။ အကြီးဆုံးအခက်အခဲဆိုရင် နှစ်ခုရှိတယ်။ နောက်အခက်အခဲ အသေးအမွှားလေးတွေတော့ အများကြီးပေါ့နော်။ အကြီးအဆုံးအခက်အခဲ နှစ်ခုကတော့ ပထမတစ်ခုက ကိုယ်ရဲ့ရန်ပုံငွေအခြေအနေနဲ့ ဟင်းအမယ်စီစဉ်ရတာပါ။ ကျွန်တော်တို့ဆီမှာ ရန်ပုံငွေရရင် အကုန်လုံးကို ကျွေးမွေးလှူဒါန်းဖို့ ဖြစ်တယ်ဆိုတော့ ရန်ပုံငွေများရင် များသလို ဒံပေါက်လုပ်ပေးနိုင်တာရှိရင် ဒံပေါက်လုပ်ပေးတယ်။ ဒါပေမယ့် ရန်ပုံငွေနည်းနေရင် စီစဉ်ရတဲ့ဟင်းလျာကို ကျွန်တော်တို့ တော်တော်လေး စဉ်းစားရတယ်။

ပထမဆုံးအခက်အခဲကတော့ အလှူငွေ အခက်အခဲ။ ကျွန်တော်တို့က တော်လှန်ရေးပြီးတဲ့အထိ သွားချင်တာ ဖြစ်တဲ့အတွက် ကိုယ့်အလှူငွေ ကိုယ်ရှိတာနဲ့ ပြန်ပြီးတော့ မျှဝေရမယ့် အပိုင်းကို အပတ်တိုင်း စဉ်းစားပြီး စီစဉ်နေ ရတယ်။ အဲဒါက ရန်ပုံငွေ နည်းပါးတဲ့ အခက်အခဲပေါ့။ တော်လှန်ရေးပြီးတဲ့အထိ သွားချင်တော့ ပြည့်မီလား၊ မပြည့်မီဘူးလား မသိသေးဘူးပေါ့။ နောက်တစ်ခုက စေတနာ့ဝန်ထမ်း အခက်အခဲ။ အားလုံးက ကိုယ်စီအလုပ်တွေ လုပ်ရင်းနဲ့ အားတဲ့အချိန် ပြေးလာလုပ်ရတော့ ကျွန်တော်တို့ ရက်တိုးချင်ရင်တောင်မှ တစ်ရက်စာ စေတနာ့ ဝန်ထမ်းတွေ တအားပိသွားမှာ၊ အလုပ်တွေ အများကြီး ပိသွားမှာစိုးတယ်။ တော်တော်များများကလည်း အားတဲ့ အချိန် ပြေးလာလုပ်ကြတယ် ဆိုတော့လေ။

ပထမအခက်အခဲက ရန်ပုံငွေအခက်အခဲ။ ဒုတိယတစ်ခုက လုပ်အားရရှိမှု အခက်အခဲပေါ့။ စေတနာ့ဝန်ထမ်း များများ ရမယ်ဆိုရင်တော့ ကျွန်တော်တို့ အဆင်ပြေပါမယ်။ အောင်မြင်မှုကတော့ တနှစ်ကျော်ကာလ အတွင်းမှာ ပထမ ကျွန်တော်တို့ တစ်ရက်ပဲ ရောင်းနိုင်တာ အခုဆို သုံးရက်ရောင်းနိုင်ပြီ။ နောက်တစ်ခုက မိဘပြည်သူတွေရဲ့ တုံ့ပြန်မှုရတယ်။ ဒီကိစ္စသည် သူတို့ရဲ့ဒုက္ခတွေကို တစ်ဘက်တစ်လမ်းက ကူညီပြီးထမ်းပေးတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၁၅ ဘတ် အဖွဲ့ ရေရှည် ရပ်တည်နိုင်မှသာ သူတို့အတွက် အကျိုးရှိမယ်ပေါ့။ အဲဒီ တုံ့ပြန်မှုတွေက ကျွန်တော်တို့ အဓိက အောင်မြင်မှုလို့ ပြောလို့ရတယ်။

ကျွန်တော်တို့ အဓိကလိုချင်တာကလည်း အမှန်တရားဘက် ရပ်တဲ့သူတွေကို အလုပ်အကျွေးပြုချင်တာပေါ့။ ဒါကြောင့်လည်း ကျွန်တော်တို့ ဦးတည်ချက် အောင်မြင်တာလို့ ပြောလို့ရတယ်။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ချက်က လာဝိုင်းလုပ်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေး ချင်တာပေါ့။ ဥပမာ ဒီမှာစေတနာ့ဝန်ထမ်း အဖြစ်ရှိနေတဲ့ CDM ဆရာမတွေ၊ နောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ။ အဲဒီအမျိုးသမီးတွေ စုပေါင်းပြီးတော့ ရိုးရာဂျပ်ခုတ်သင်တန်းလုပ်တယ်။ အဲဒီ ဂျပ်ခုတ်လုပ်ငန်းက ထွက်လာတဲ့ဟာတွေကို ကိုယ့်ဘာသာရောင်းပြီးတော့ ကိုယ့်ဘာသာယူလို့ရတယ်။

ကျွန်တော်တို့က အလှူရှင်အနေနဲ့ ချိတ်ပြီးတော့ ဒီအဖွဲ့လေး ရပ်နိုင်အောင်လုပ်တယ်ဆိုတော့ ကျွန်တော်တို့က အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင် ဖန်တီးပေးနိုင်တယ်။ ဒါကလည်း ဒုတိယအောင်မြင်မှုလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ကို လာဝိုင်းလုပ်ပေးတဲ့ CDM ဝန်ထမ်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဝင်ငွေ ရပေါက်ရလမ်း အလုပ်အကိုင်တွေ လုပ်ပေးနိုင်တယ်။ သူတို့က အားတဲ့အချိန် ၁၅ ဘတ်မှာ လာလုပ်ပေးတယ်။

ပြီးရင် ကျွန်တော်တို့ဖန်တီးပေးတဲ့ လုပ်ငန်းတွေမှာလည်း သူတို့ဘာသာသူတို့ လုပ်နိုင်တယ်။ အခုဆိုရင် ဂျပ်ခုတ်ထည်တွေ ထွက်နေပြီ။ နောက်ယောကျ်ားလေးတွေ အတွက်လည်း အလုပ်အကိုင် ဖန်တီးပေးဖို့ ကြိုးစား နေပါတယ်။ အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ အလှူရှင်တွေ အဖွဲ့တွေနဲ့ လိုက်ချိတ်ပြီးတော့ ကြိုးပမ်းနေပါတယ်။ ဒုတိယကတော့ ကျွန်တော်တို့ကို လာကူညီပေးနေတဲ့ တော်လှန်ရေးရဲဘော်တွေကို အလုပ်အကိုင်ဖန်တီးပေးနိုင်တယ်။ နေဖို့စားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကတော့ ဒုတိယအောင်မြင်မှုပါ။

တတိယကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကို စိတ်ခွန်းအားပေးနိုင်တယ်။ စစ်ကောင်စီကို အာခံလို့ မဖြစ်မနေ ကိုယ်မြို့အိမ်တွေ စွန့်ခွာလာတဲ့သူတွေကို ငါတို့မှာငါတို့ရှိတယ် ဆိုတဲ့အတိုင်းပဲ။ ကျွန်တော်တို့လည်း ထွက်ပြေးတိမ်းရှောင်လာရတဲ့သူတွေ ဖြစ်တယ်။ ဒီလူတွေက အချင်းချင်း မျှဝေပေးမယ်၊ ကူညီပေးမယ်ဆိုတော့ တော်လှန်ရေး ပြီးတဲ့အထိ စစ်ကောင်စီဖိအားကို တောင့်ခံနိုင်အောင် ကူညီပေးတယ်။ ဒါကတော့ တတိယ အောင်မြင်မှုပါ။ ကျွန်တော်တို့ အချင်းချင်းမျှဝေပြီးတော့ တောင့်ခံနိုင်အောင်ပေါ့။

မေး။ ။ အခုလိုအဖွဲ့ကြီးက တစ်နှစ်သက်တမ်းရှိလာတဲ့အထိ ရပ်တည်နိုင်ဖို့အတွက် ကျေးဇူးတင်ထိုက်သူတွေဆိုရင်ရော ဘယ်သူတွေဖြစ်မလဲ။

ဖြေ။ ။ ပထမဆုံးကျေးဇူးတင်ချင်တာက ကိုယ့်ပြည်သူလူထုကို ကျေးဇူးတင်တာ။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့ စလုပ်တာ ပြည်သူလူထုကို ကူညီဖို့ စလုပ်တယ်။ ဒီပြည်သူတွေကပဲ ကျွန်တော်တို့ကို ပြန်လှူဒါန်းတယ်။ ဒီပြည်သူတွေကပဲ ကျွန်တော်တို့ဆီမှာ လုပ်အားလာပေးတယ်။ ဒီပြည်သူတွေကပဲ ကျွန်တော်တို့ကို အားပေး ထောက်ခံတယ်။ စိတ်ခွန်အားပေးတယ်။ ကျွန်တော်တို့ အပြန်အလှန်ပဲ သူတို့ကိုလည်း စိတ်ခွန်အားပေးသလို ကျွန်တော်တို့ကိုလည်း စိတ်ခွန်အားပေးတယ်။ ပထမဆုံးလုပ်ဆောင်တာမှာ စိတ်ခွန်အားတွေ လှူဒါန်းတာတွေ ပြုလုပ်ပေးနေတဲ့ ပြည်သူတွေကို ပထမဆုံး ကျေးဇူးတင်တယ်။

ဒုတိယအနေနဲ့ ဒီအိုင်ဒီယာ ရှိတယ်။ လုပ်လည်း လုပ်ခဲ့တယ်။ ရန်ကုန်မှာ။ ဒါပေမဲ့ မဲဆောက်မှာကြတော့ ငွေကြေး အခက်အခဲရှိတယ်။ အဲဒီငွေကြေးအခက်အခဲ အဆင်ပြေအောင်ကူညီပေးတဲ့ ဒီအိုင်ဒီယာပြောပြတဲ့အခါမှာ ထပ်ပြီး ပိုကောင်းအောင်လို့ အကြံညဏ်တွေပေးပြီး ဝိုင်းဖြည့်ပေးတဲ့ ၈၈ မျိုးဆက် အစ်ကိုတွေ၊ အမေရိက၊ ကနေဒါ နေရာ အများကြီးက အဝေးကြီးကနေ လှမ်းကူပေးတယ်။ လူကိုယ်တိုင်ကလည်း တစ်နှစ်တစ်ခါ ရောက်အောင်လာတယ် ဆိုတော့ ဒုတိယ ကျေးဇူးတင်ရမှာကတော့ ကျွန်တော်တို့အဖွဲ့လေး စဖြစ်အောင် လုပ်ပေးတဲ့ လိုအပ်တဲ့ အကြံညဏ်တွေရော မ,တည်ငွေပါ အကူအညီပေးတဲ့ တတိယနိုင်ငံမှာနေတဲ့ ၈၈ မျိုးဆက် အစ်ကိုတွေကို ကျေးဇူးတင်တယ်။

တတိယအနေနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းကို အခုချိန်ထိ စိတ်ပင်ပန်း လူပင်ပန်းခံပြီးတော့။ အဖွဲ့အစည်းဆိုတော့ အချင်းချင်း ပွတ်တိုက်မှုတွေရှိတယ်။ အလုပ်လုပ်ရင်းနဲ့ အဆင်မပြေတာမျိုးရှိတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်သည်းခံပြီး ငါတို့လုပ်တဲ့ အလုပ်ကကောင်းတယ်။ ဒီအလုပ်ကို အပျက်မခံဘူးဆိုပြီး ဘယ်လိုဖြစ်ဖြစ် သွားမယ်ဆိုပြီး တစ်နှစ်ကာလအထိ တောင့်ခံထားတဲ့ ကျွန်တော်တို့ရဲ့အဖွဲ့၀င်တွေကို ကျေးဇူးတင်တယ်။ ဒါကတော့ တတိယကျေးဇူးတင်ရမယ့်သူတွေပေါ့။

မေး။ ။ အဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးအတွက် သီးခြား ဘာလုပ်ငန်းတွေ လုပ်ဆောင်ပေးဖြစ်လဲ။ ကူညီပေးဖြစ်လဲ။

ဖြေ။ ။ လုပ်တာတော့ အများကြီးပဲ။ ကျွန်တော့အနေနဲ့ နွေဦးတော်လှန်ရေးကာလမှာ လုပ်ငန်းတစ်ခု ဇောက်ချပြီး လုပ်တာမျိုး အားမရဘူး။ တော်လှန်ရေးကို အားပေးမယ့် ဘယ်အရာမဆိုလုပ်တယ်။ ကျွန်တော်တို့ ထမင်းတစ်နှပ် ၁၅ ဘတ်လုပ်တယ်။ တဘက်မှာလည်း စေတနာ့ဝန်ထမ်းတွေအတွက် ရိုးရာဂျပ်ခုတ်လုပ်ငန်းတွေ လုပ်ပေးတယ်။ နောက်ပြည်တွင်းမှာရှိတဲ့ ထောင်ကျနေတဲ့ ရဲဘော်ရဲဘက်တွေ၊ နှစ်သောင်းကျော်သော အမှန်တရားဘက်မှာ ရပ်တည်တဲ့ ရဲဘော်ရဲဘက်တွေကို ထောင်၀င်စာတွေ့တာမျိုး နွေဦးတမန်ဆိုတဲ့ နာမည်နဲ့ နိုင်ကျဉ်းတစ်မိသားစုကို ငါးသောင်းနှုန်းနဲ့ အယောက် နှစ်ရာ့ခုနှစ်ဆယ် နှစ်ရာရှစ်ဆယ် ပေးနိုင်တယ်။

ဒါကလည်း အလှူရှင်တွေ ဝိုင်းပံ့ပိုးပေးတာ နောက်ကွယ်က ပံ့ပိုးပေးတဲ့သူတွေလည်း အများကြီးရှိတယ်။ ဒီလူတွေကိုလည်း ကျေးဇူးတင်ရမယ်။ ထောင်ကလွတ်လာတဲ့ ၂၀၂၂ ကနေ အခုချိန်ထိ တစ်လမှ မပြတ်ဘူး။ အဆင်ပြေအောင် လုပ်နိုင်တယ်ပေါ့နော်။ နောက်တစ်ခုက စစ်ဘေးရှောင် ကူညီတာလုပ်တယ်။ ကျွန်တော်တို့ရဲ့ အနီးအနားမှာရှိတဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ၊ ကရင်နီ၊ နောက်အညာတွေကို တစ်လတခါ ပိုက်ဆံ ပို့ပြီးတော့ ကူညီပေးတယ်။ ဒီလမှာ ကရင်နီမှာ ကူညီတယ်။ အဲဒီလိုမျိုး စစ်ဘေးရှောင်တွေကို ကူညီတယ်။

နောက်တစ်ခု ကတော့ သင်တန်းတွေဖွင့်တာလုပ်တယ်။ သင်တန်းတွေကတော့ တော်လှန်ရေးအင်အားစုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ နိုင်ငံရေးအသိပညာတိုးတက်လာအောင် နောင်ဖြစ်လာမယ့် တော်လှန်ရေးမှာ စစ်ကောင်စီ မရှိမယ့် အချိန်မှာ နိုင်ငံရေးအရ အမှန်ဆုံးဖြတ်တတ်အောင် ဘယ်ကိုဆန်ကျင်ရမယ် ဘယ်ကို ထောက်ခံရမယ် ဆိုတာကို ဘယ်သူ့ကိုဝေဖန်ရမယ်။ ဘယ်သူ့ကို ကန့်ကွက်ရမယ်ဆိုတာကို သိအောင်လို့ အသိပညာပေးတဲ့ သင်တန်းတွေလုပ်တယ်။ နိုင်ငံရေးသိပ္ပံသင်တန်းတွေ တရားမျှတမှုသင်တန်းတွေ လူ့အခွင့်အရေး သင်တန်းတွေ ပေးတယ်။

ဒါတွေကို PDF ရဲဘော်တွေရော မြေပြင်နိုင်ငံရေး သပိတ်ခေါင်းဆောင် တွေကိုရော လောလောဆယ် သင်တန်းပေးတာ လုပ်နေတယ်။ ကျွန်တော့်ရဲ့ တကိုယ်ရည်အရ MOE လက်အောက်မှာရှိတဲ့ ပြည့်သူပညာရေး ကျောင်းတွေမှာ စာသင်နေတယ်။ ဒီလုပ်ငန်းတွေကများတော့ ခွဲခွဲလုပ်နေရတာပေါ့။ ပင်ပန်းပေမယ့် အလုပ် တခုတည်းကို မလုပ်ချင်ဘူး။ ပြည်သူတွေကို အိမ်မြန်မြန် ပို့ချင်တယ်။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်မိစ္ဆာတွေကို မြန်မြန် ကျဆုံးစေချင်တယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းအများကြီးကို လုပ်နေပါတယ်။

မေး။ ။ အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ရော ဘာတွေဆက်လုပ်သွားဖို့ရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့သဘောကတော့ ရက်ထပ်တိုးချင်တယ်။ တစ်ရက်စာအတွက် ဟင်းချက်ပေးမဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပေးမဲ့ စေတနာ့ဝန်ထမ်းတွေ လိုတယ်။ တစ်ရက်ထပ်တိုးချင်တယ်။ နောက်တစ်ခုက တော်လှန်ရေးပြီး အိမ်ပြန်တဲ့အချိန်ထိ ၁၅ ဘတ်အဖွဲ့က ပြည်သူတွေကို ဝိုင်းဝန်းပံ့ပိုးပေးတာမျိုး ဖြစ်ချင်တယ်။ အဲဒီလောက်ထိ ရပ်တည်တာမျိုး ဖြစ်ချင်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားမယ်။ ရှေ့ဆက်ပြီး ဘာလုပ်မလဲဆိုရင် တော်လှန်ရေးပြီးတဲ့အထိ ကူညီချင်တယ်။ နောက်တစ်ခုက ရက်လည်း ထပ်တိုး ချင်ပါတယ်။

မေး။ ။ စစ်အာဏာရှင်ကို ခုခံတွန်းလှန်ရင်းနဲ့ မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ နွေဦးတော်လှန်ရေး ရဲဘော်တွေ၊ နွေဦးတော်လှန်ရေးဘက်တော်သားတွေကို ထမင်းတစ်နပ် ၁၅ ဘတ်အနေနဲ့ ဘယ်လိုသတင်းစကား ပါးချင်လဲ။

ဖြေ။ ။ ပြည်သူတရပ်လုံးကို ဖိစီးနှိပ်စက်နေတဲ့ ဒီစစ်ကောင်စီ ကျရှုံးတဲ့အထိ အားတင်းထားပါ။ တော်လှန်ရေး ပြီးသွားရင် ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ကြပါမယ်။ ဒီတောင့်ခံရတဲ့ ကာလအတွင်းမှာ ကြုံရတဲ့ ဒုက္ခတွေကို ကျွန်တော်တို့က ပြည်သူတွေကို ပစ်မထားပါဘူး။ ကျိန်းသေတဲ့အရာက ကျွန်တော်တို့ ထမင်းနပ်မှန် နေတဲ့အချိန်မှာ ပြည်သူလူထု ထမင်းငတ်တာမျိုး ကျွန်တော်တို့အဖြစ်မခံပါဘူး။ ကိုယ်ရှိနေတာက တစ်လုတ်တော့ ခွဲကျွေးမှာပဲ။ ဒါက အဆိုးဆုံးအခြေအနေကို ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေကို ပစ်မထားဘူး ရအောင်ပံ့ပိုးမယ်၊ ကူညီမယ်။ ဒါကြောင့်အားလုံး စိတ်မလျော့ပါနဲ့ တော်လှန်ရေးပြီးတဲ့ ဆက်လက် တောင့်ခံပေးကြပါဦးလို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။