အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးသေဆုံးမှု ရှမ်းပြည်တွင်အများဆုံးဖြစ်ဟု BWU ပြောဆို

By MPM 14 ဩဂုတ်, 2024 👁

ရှမ်းပြည်နယ်ထဲတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဇူလိုင်လအတွင်း အမျိုးသမီးများ ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုသည်။

နိုင်ငံတဝှမ်း၌ ဇူလိုင်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး၊ ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် ရှမ်းပြည်နယ်ထဲတွင် အများဆုံးဖြစ်သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများထဲ အမျိုးသမီးများ သေဆုံးခဲ့ရသည့် အခြေအနေများနှင့် ပတ်သက် ၍ BWU ၏ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ယခုကဲ့သို့ ပြောဆိုသည်။

“အထူးသဖြင့် ဒီ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နောင်ချိုပေါ့နော် အဲ့ဒေသတွေကတော့ အများဆုံးဖြစ်တယ်။ အဓိက ကတော့ ဒီ ၁၀၂၇ ဒုတိယလှိုင်း နောက်ပိုင်းပေါ့နော် အဲ့နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ ဦးရေမှာဆိုရင်တော့ ပမာဏအများဆုံး ဖြစ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်ထဲတွင် ဇူလိုင်လတစ်လအတွင်း အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ရသည်ဟု BWU က ပြောဆိုသည်။

ဇူလိုင်လအတွင်း နိုင်ငံတဝှမ်း၌ စစ်ရေးပဋိက္ခများထဲ သေဆုံးသွားသူ အမျိုးသမီးများမှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ၃၃ ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၁၀ ဦး၊ လေကြောင်း ဗုံးကြဲတိုက်ခိုက် မှုကြောင့် ၉ ဦး၊ ဒရုန်းသုံး တိုက်ခိုက်ခံရမှုကြောင့် ၄ ဦး၊ တိုက်ပွဲထဲ ကျည်ထိမှန်သူ ၄ ဦး၊ မီးရှို့ခံရခြင်းကြောင့် ၂ ဦး နှင့် မုဒိမ်းကျင့် အသတ်ခံရသူ ၁ ဦး ရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။

အလားတူ ထိမှန်ဒဏ်ရာရရှိသူ ၄၃ ဦး ရှိပြီး နိုင်ငံတစ်ဝန်း၌ ထိခိုက်သေဆုံးမှု အများဆုံးက ရှမ်းပြည်နယ်၊ ဒုတိယ အများဆုံးက မန္တလေးတိုင်းနှင့် တတိယမှာမူ စစ်ကိုင်းတိုင်း ဖြစ်သည်ဟု BWU က ထုတ်ပြန်ဖော်ပြသည်။

ရှမ်းမြောက်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများထဲ အမျိုးသမီးများကို ဘေးလွတ်ရာတိမ်းရှောင်နိုင်ရန် အကူအညီများ လိုအပ်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်းဟန်က ပြောပါသည်။

“ဒီအမျိုးသမီးတွေ သေဆုံးမှုများနေရတာတော့ ဒါကတော့ ကျမတို့ လက်တွေ့မြေပြင်မှာ ကြုံနေရတဲ့ အမှန်တရား တစ်ခုပေါ့နော်။ ဒီထက်ပိုပြီးမှလည်း ဒီအမျိုသမီးတွေကို အကာအကွယ်ပေးဖို့ ကျမတို့အနေနဲ့ လိုအပ်တယ်။ ဒီအမျိုးသမီးတွေအနေနဲ့ ဘေးလွတ်ရာကို ပိုပြီးတော့မှ လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်ဖို့အတွက် ကျမတို့အနေနဲ့ ကူညီပေးဖို့ လိုအပ်နေတယ်လို့ ကျမတို့အနေနဲ့ ပြောချင်ပါတယ်” ၎င်းက ဆိုသည်။

BWU ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း သေဆုံးသူများထဲ စစ်ကောင်စီတပ်၏ မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် အမျိုးသမီးတစ်ဦးပါဝင်ခဲ့ပြီး အဆိုပါအမျိုးသမီးမှာ မကွေးတိုင်းဒေသကြီးထဲကဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတဝှမ်း၌ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများထဲ အမျိုးသမီးများသေဆုံးမှုက လစဉ်ရှိခဲ့ပြီး မေလထဲတွင်လည်း မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသည်။

BWU အနေဖြင့် လက်နက်ကိုင် ပဋိပက္ခကာလထဲ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လက်နက်ကြီးအပြင် လေကြောင်းမှ ပစ်ခတ်မှုများထဲ သေဆုံးသွားသည့် ဖြစ်စဉ်များနှင့်ပတ်သတ်၍ စနစ်တကျ စာရင်းများပြုစုထားကာ နစ်နာသူ အမျိုးသမီးများအတွက်လည်း လိုအပ်သောအကူအညီများ ပေးနေသည်ဟု ပြောဆိုသည်။

NMG ပေးပို့သည်။