ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အရပ်သားများအား ဦးတည်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ည သန်းခေါင်အချိန်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောဆိုသည်။
“အဲ့ဒါက ၁၂ ရက်နေ့ ညကြီးမှာ လာကြဲသွားတာ။ ည ဘယ်နှစ်နာရီလဲဆိုတော့ ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာပေါ့နော်။ လာကြဲတာတော့ ၃ ကြိမ်၊ ဗုံးက ၆ လုံး ကြဲသွားတာပါ။ ကြဲသွားတာက လူနေရပ်ကွက်ထဲပဲလေ။ EPC ရုံးနေရာမှာ ကျတာလည်းရှိတယ်။ အဲ့မှာပဲ လူသေသွားတာက EPC ရုံးနေရာမှာ ကျတဲ့အချိန် သေတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲသွားသည့် နမ့်ဆန်မြို့သည် တအာင်းတပ် (PSLF/TNLA) က ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။
ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၁၁ နာရီ၊ ၃၁ မိနစ်အချိန်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၅၁ မိနစ်အချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက်ပြီး ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
နမ့်ဆန်ဒေသခံတစ်ဦးက “သူတို့ ဗုံးကြဲတဲ့အချိန်က အားလုံးအိပ်ချိန်လေ၊ ညသန်းခေါင်ဆိုတော့ အကုန်အိပ်နေကြပြီ။ အခုထိတာက EPC နားဆိုတော့ အဲ့နားပတ်ပတ်လည်ကအိမ်တွေ ပျက်စီးတာရှိတယ်။ EPC ရုံးထဲက စက်တွေဘာတွေလည်း ပျက်စီးကုန်တယ်။ ဒီမှာက တိုက်ပွဲမှမဖြစ်တာ၊ တိုက်ပွဲမရှိဘဲ လာကြဲတာဆိုတော့ တမင်သက်သက်ကို လာကြဲတယ်လို့ပဲ ပြောရမှာပဲနော်။ TNLA ထိန်းချုပ်ထားတဲ့မြို့မို့လို့ ကြဲတယ်လို့ ပြောရမယ်ဗျ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု မရှိသည့် မြို့ရွာများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဟန့်တားပေးရန် တအာင်းတပ်ဖွဲ့ TNLA အပါအဝင် ညီနောင်မဟာမိတ်များက တရုတ်နိုင်ငံနှင့် နိုင်ငံတကာထံ မကြာသေးမီက ထုတ်ပြန်တောင်းဆိုထားသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ ရုံးဝန်းအတွင်းရှိ အသက် ၃၀ နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးသွားပြီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များ ထိမှန်ပျက်စီးသွားသည့်အပြင် အနီးဝန်းကျင်ရှိ မြို့မဂိုဏ်းချုပ်ကျောင်းနှင့် ဒေသခံများ၏ နေအိမ်အဆောက်အအုအ၅အအုံ ၅ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ သြဂုတ်လ (၆) ရက်နေ့ကလည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထဲ လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ခဲ့သည်။
NMG ပေးပို့သည်။