တကျော့ပြန်တိုက်ပွဲကြောင့် ဇရပ်ကြီး၊ ကင်မွန်းခြုံရွာတွင် ဒေသခံ၂၀၀ ဝန်းကျင်ပိတ်မိနေပြီး ၂၀၀၀ ကျော် စစ်ရှောင်ပြေးနေရ

By MPM 14 ဩဂုတ်, 2024 👁

ပဲခူးတိုင်းအရှေ့ပိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအတွင်း ယခုလဆန်းပိုင်းမှစပြီး တကျော့ပြန်တိုက်ပွဲနှင့် စစ်ရေးတင်းမာနေမှုကြောင့် ကင်မွန်းခြုံကျေးရွာတွင် ဒေသခံ ၂၀၀ ဝန်းကျင် ပိတ်မိနေပြီး ကျေးရွာ ၅ ရွာရှိ ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

ဩဂုတ်လ ၅ ရက်နေ့ မှ ၉ ရက်နေ့အထိ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များကြား ပစ်ခတ်မှုနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဇရပ်ကြီးဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ဖြန့်ကျက်လာသည့်အတွက် ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ နတ်ရွာ၊ နှစ်တန့်ကူး၊ သူဌေးကုန်း အစရှိသည့် ကျေးရွာတို့မှ ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေသည့်အကြား စစ်ကောင်စီတပ်က ဇရပ်ကြီး – ကင်မွန်းခြုံလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်၍ ပစ်မိန့်ပေးထားသောကြောင့် စစ်ရှောင်ထွက်လာပြီးမှ ကင်မွန်းခြုံသို့ ပစ္စည်း ပြန်ယူသည့် ဒေသခံပြည်သူ ၂၀၀ ဝန်းကျင်မှာ ပြန်ထွက်မလာနိုင်တော့ဘဲ ပိတ်မိနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ယခုလိုပြောပါသည်။

“ရွာကိုပြန်ပြီး ပစ္စည်းယူတဲ့အဖွဲ့တွေ ပိတ်မိသွားတာ။ စစ်တပ်က စစ်ကြောင်းထိုးထားပြီး မာရှယ်လောထုတ်၊ အစစ်အဆေးမရှိ ပစ်မိန့်ပေးထားတော့ မထွက်ရဲကြဘူး။ အဲဒီလမ်းပေါ်က ကင်မွန်းခြုံ၊ ရှမ်းစုမှာ အဓိက တိုက်ပွဲ ဖြစ်တာဆိုတော့ ဖြတ်လာလို့ မရတော့ဘူး ဖြစ်သွားတာ။ သွားခေါ်လို့လည်း မရဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံ ၂,၀၀၀ ကျော်မှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြပြီး ဩဂုတ်လ ၉ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့ရာတွင် အများစုမှာ ထပ်မံတိမ်းရှောင်သွားကြသည်ဟုလည်း ဇရပ်ကြီးမြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။

ဇရပ်ကြီးမြို့နေ နောက်အမျိူးသားတစ်ဦးက “ဒိုးတန်းရွာက လူတွေကတော့ အိမ်ကို မပြန်တော့တာ၊ အသိအိမ်တို့ ဘုရားဝင်းတို့မှာ လိုက်အိပ်တယ်။ အခုကတော့ တိုက်ပွဲဖြစ်သံ မကြားရတော့ဘူး။ ဇရပ်ကြီးမြို့ပေါ်လည်း လူရှိနေ သေးတယ်။ ဆိုင်တွေလည်း ဖွင့်ထားတယ်။ ပြေးတာက ကင်မွန်းခြုံတို့ ရွှေပုဂံတို့၊ ဒိုးတန်းတို့” ဟု ပြောသည်။

လက်ရှိတွင် ဇရပ်ကြီးဒေသရှိ စစ်ရှောင်ဒေသခံ ၂,၀၀၀ ကျော်သည် အရေးပေါ် စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့က ပြောဆိုသည်။

ဇရပ်ကြီးဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာတချို့၏ ဖော်ပြချက်အရ သိရသည်။

KIC ပေးပို့သည်။