AA က ရခိုင်ပြည်သူများအား စစ်ရေးသတိအမြဲရှိကြရန် သတိပေးပြောဆို

0
117

ရခိုင်တွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်မှုများ ပိုလုပ်လာနိုင်၍ စစ်ရေး သတိ အမြဲရှိကြရန် အာရက္ခတပ်တော် (AA) က သတိပေး ပြောဆိုသည်။



ရခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များရှိ AA တပ်ကို စစ်ကောင်စီက တိုက်ခိုက်နေ၍ ပြည်သူများ အသက်အန္တရာယ်ရှိသည့်အတွက် ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သြဂုတ်လ ၁၁ ရက်တွင် ရခိုင်ပြည်နယ်စစ်ကောင်စီက ဝါဒဖြန့်စာထုတ်ပြန်မှုနှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခြင်း ဖြစ်သည်။

ဦးခိုင်သုခက “အကြမ်းဖက် စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ကို ခြုံငုံသုံးသပ်ရမယ် ဆိုလို့ရှိရင်တော့ အကြမ်းဖက် စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရတဲ့မြို့တွေက အရပ်ဘက်ပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီးတော့ လုပ်ဖို့အတွက် အချက်ပြလိုက်တာဖြစ်တယ်” ဟု ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “နံပါတ် (၂) အချက်ကတော့ မကြာခင်က ဘာတိုက်ပွဲမှမရှိတော့တဲ့ မြောက်ဦးမြို့ကို နေ့ခင်းကြောင်တောင်ပေါ့နော်။  စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၆ ဦးသေဆုံးပြီးတော့ ၁၀ ဦး ဒဏ်ရာ ရသွားတဲ့ ဖြစ်စဥ်ရှိတယ်။ ဒါဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ ဒီစစ်ရာဇဝတ်မှုကိုဖုံးကွယ်ဖို့အတွက် မြေပြင်မှာ သူတို့စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသယောင်ပေါ့နော်။ ပုံဖော်ပြီးတော့မှ သူတို့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ဖုံးကွယ်ဖို့ကြိုးစားတာဖြစ်တယ်” ဟု ဆိုသည်။

ယင်းအပြင် ၎င်းက “နောက် နံပါတ် (၃) အချက်ကတော့ တောက်လျှောက် အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ တပ်တွေဟာ စိတ်ဓာတ်ရေးရာတွေ ပျက်ပြားချွတ်ခြုံကျနေကြပြီ။ ဒါကို ထိန်းသိမ်းဖို့ သူတို့က ပြန်လည် တိုက်ခိုက်နိုင်သယောင်ပေါ့နော်။ တိုက်ခိုက်ပြီးတော့ အောင်မြင်နေသယောင် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ပြီးတော့ ပုံဖော်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ဟာ ပြည်သူတွေကို အကြမ်းဖက်မှု ပိုပြီးတော့လုပ်လာဖို့ဆိုပြီးတော့မှ ဒါခြိမ်းခြောက်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေး၊ စစ်ရေးသတိအမြဲရှိနေကြဖို့လိုတယ်လို့ ကျနော့်အနေနဲ့ပြောကြားလိုပါတယ်ဗျ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန်ချက်တွင် “ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့ရွာအတွင်းရှိ AA တပ်ဖွဲ့အား စစ်ကောင်စီက အချိန်နှင့် တပြေးညီ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အသက်အန္တရာယ်ရှိလာနိုင်သဖြင့် မိမိတို့ဘေးအန္တရာယ် လုံခြုံရေးအတွက် နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းများ ယူဆောင်၍ ရှောင်ရှားနေထိုင်ကြရန်” ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် “AA အဖွဲ့အား လက်ခံနေထိုင်ခွင့်ပြုထားခြင်း၊ ထောက်ပံ့ကျွေးမွေးခြင်း ရိက္ခာ၊ ငွေကြေး၊ ဆေးဝါး ထောက်ပံ့ပေးထားသူများကိုလည်း တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သဖြင့် လက်ခံထောက်ပံ့ခြင်း မပြုကြရန်နှင့် တိုက်ပွဲကာလ အမြန်အဆုံးသတ်စေရေး ပူးပေါင်းပါဝင်ကြရန်” လည်း ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီက AA ကိုတိုက်ခိုက်နေသည်ဟု ဆိုသော်လည်း လက်တွေ့မြေပြင်တွင် မည်သည့်ထိုးစစ်မှမလုပ်နိုင်ဘဲ အရပ်သားများရှိသည့် လူစည်ကားရာနေရာများကိုသာ လေယာဉ်များဖြင့် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်စစ်ကောင်စီက ယခုထုတ်ပြန်သည့် မြို့နယ် ၃ ခုသည် AA ၏ ထိန်းချုပ်စိုးမိုးမှုအောက်တွင်ရှိနေပြီး ယင်းမြို့နယ်များအတွင်း AA ကိုထောက်ပံ့သူများအား စစ်ကောင်စီက အရေးယူသွားမည်ဆိုခြင်းမှာလည်း လေလှိုင်းပေါ်မှ အော်ဟစ်နေရုံသာရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ရခိုင့်စစ်မျက်နှာတွင် စစ်အရှုံးကြီးရှုံးနေသည့် စစ်ကောင်စီသည် AA ကို တိုက်၍မနိုင်တော့၍ အပြစ်မဲ့ပြည်သူများကို အထိုင်တပ်ရင်းများမှ လက်နက်ကြီးများနှင့် တိုက်ခိုက်ခြင်း လေကြောင်းအားကိုးဖြင့် ဦးတည် ပစ်ခတ်ခိုက်တိုက်ခိုက်ကာ လူမျိုးတုံးသတ်ဖြတ်နေသည်ဟုလည်း ဒေသခံများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here