မောင်တောတွင် ဖမ်းဆီးခံရသည့် အစိုးရဝန်ထမ်းများအပါအဝင် ဒေသခံ ၂၀ ကျော် အဆက်အသွယ်ပြတ်နေ

0
115
ပုံစာ - မောင်တောမြို့အဝင်

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အစိုးရဝန်ထမ်းများအပါအဝင် ဒေသခံပေါင်း ၂၀ ကျော်သည် သတင်းတစုံတရာ မကြားရဘဲ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏မိသားစုဝင်များက ပြောဆိုသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများထဲတွင် မြေစာရင်းလက်ထောက်ဦးသိန်းကျော်မောင် အပါအဝင် ၄ ဦး၊ မောင်တောဆေးရုံမှ ဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၂၀ ကျော်ပါဝင်ကြောင်း သိရသည်။

“ဖမ်းတာက မေလလယ်လောက်ကတည်းက ဖမ်းတာပါ။ အခုထိ မိသားစုနဲ့ အဆက်အသွယ် မရပါဘူး။ နခခ (၅) မှာ ချုပ်ထားတယ်လို့သာ ကြားပါတယ်။ ကြားသာကြားရတာ အဆက်အသွယ် မရပါဘူး” ဟု ဖမ်းခံရသူ မိသားစုနှင့်နီးစပ်သူက ပြောသည်။

မြေစာရင်းလက်ထောက် ဦးသိန်းကျော်မောင်အပါအဝင် ၄ ဦးသည် မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မိသားစုအား လောင်းဒုံကျေးရွာတွင် နေရာချထားပေးပြီး ပြားသားရွာကနေ ဘုတ်ငှားပြီး မောင်တောမြို့နေအိမ်သို့ ပြန်လာစဉ် ဟာဘီရွာကင်းစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မောင်တောဆေးရုံမှ ဝန်ထမ်းနှစ်ဦးသည်လည်း မေလ ၁၅ ရက် ည ၅ နာရီအချိန်က မောင်နီရွာသို့ သွားရောက်စဉ် စစ်ကောင်စီတပ်က ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ သတင်းတစုံတရာမရဘဲ ပျောက်ဆုံးနေသည်ဟု ၎င်းတို့မိသားစုဝင်များက ပြောဆိုသည်။

ယင်းအပြင် မောင်တောဗိုလ်မူးရွာတွင် နေထိုင်သူများဖြစ်သော ဦးမောင်မောင်ချေ၊ ဦးကျော်ခိုင်၊ ထွန်နိုင်ဝင်း အပါ စုစုပေါင်း ၉ ဦးကို စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ လူငယ် ၂ ဦးသာ ပြန်လွတ်မြောက်လာပြီး ကျန် ၇ ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။

အလားတူ မေလ ၃၀ ရက်နေ့တွင် ကသည်းလူမျိုးများက အပ်ထားခဲ့သည့် လက်နက် ၃ လက်ဖြင့် ဖမ်းဆီးခံ ခဲ့ရသည့် အောင်မြေဗောဓိကျေးရွာမှ ဒေသခံ ၆ ဦး အနက် တစ်ဦးသာ လွတ်မြောက်လာခဲ့ပြီး ကျန် ၅ ဦးမှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိကြောင်းမိသားစုများထံမှသိရသည်။

မောင်တောမြို့မမြောက်ရပ်ကွက်ဝိမလမှ ဒေသခံလူငယ် ၅ ဦး တို့ကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။

“သူတို့ ၅ ဦးထဲမှာ တစ်ဦးကတော နေမကောင်းလို့ သေဆုံးသွားပြီလို့ သတင်းကြားသိရတယ်။ ကျန် ၄ ဦး ကတော့ မလွတ်သေးဘူး။ တစ်ခြား အထက (၂) မှာ ဖမ်းထားတဲ့ အရပ်သား  ၄ ဦးကိုတော့ နယ်ခြားစောင့်တွေ လွတ်ပေးခဲ့ကြတယ်” ဟု ဖမ်းဆီးခံရသူမိသားစုဝင်တစ်ဦးက ပြောဆိုသည်။

မောင်တောမြို့မှ မွတ်ဆလင်တချို့လည်း စစ်ကောင်စီတပ်က ဖမ်းဆီးခံထားရသည်ဟု သိရှိရသော်လည်း စုံစမ်းမေးမြန်းရန် ခက်ခဲသဖြင့် အရေအတွက်နှင့် ဖမ်းဆီးခံရသူတို့၏ အမည်များကို ဖော်ပြနိုင်ခြင်း မရှိပါ။

မောင်တောမြို့ နခခ (၅) တွင် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုး ၁၀၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး လူသားဒိုင်ကာအဖြစ် အသုံးပြုထားသည်ဟု ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here