မောင်တောမြောက်ပိုင်းက စစ်ဘေးရှောင် ၆၀၀၀ ကျော် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရ

0
127
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်မိသားစုတစ်စုကို ယခုနှစ်မတ်လအတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းက တိုက်ပွဲကြောင့် ဘေးလွတ်ရာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် ခြောက်ထောင်ကျော်သည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ဘေးရှောင် ခြောက်ထောင်ကျော်ထဲမှ လတ်တလော တိမ်းရှောင်လာသူ သုံးထောင်ကျော်နှင့် တိုက်ပွဲ စတင်ချိန် မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်သုံးထောင်ကျော် ပါဝင်ပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြသည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “အခုရောက်နေတဲ့ စစ်ဘေးရှောင်တွေက စာသင်ကျောင်းတွေမှာ ပြွတ်သိပ် ပြီးတော့ နေနေရတယ်။ မိုးကလည်း တအားရွာတော့ နေထိုင်ရတာ လုံးဝအဆင်မပြေဘူး။ လောလာဆယ်တော့ ရွာတွေက ဆန်ရိက္ခာ အလှူခံပြီး ကျွေးထားကြတယ်။ ကျမတို့စစ်ရှောင်နေတာ သုံးလလောက်ရှိပြီ။ ဘာအလှူရှင် မှလည်း မရောက်ဘူး” ဟု ပြောသည်။

အာရက္ခတပ်တော် AA က စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနေသော်လည်း လူဦးရေ များပြားသဖြင့် လုံလောက်မှု မရှိကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

စစ်ဘေးရှောင်များမှာ မိုးတွင်းကာလဖြစ်၍ နေထိုင်ရေး အခက်အခဲများကြောင့် အသက်ကြီးပိုင်းများမှာ နာမကျန်း ရောဂါ ဖြစ်ပွားမှုများ ရှိနေပြီး ဆေးဝါးရှားပါးမှုကြောင့် သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

“မနေ့ကဆိုရင် ကျနော်တို့ စစ်ဘေးရှောင်နေတဲ့နေရာမှာ အဘွားတစ်ယောက် ဆုံးသွားတယ်။ မိုးအေးဒဏ်ကြောင့် သက်ကြီးပိုင်းတွေဆိုရင် မခံနိုင်ဘူး။ ဆေးဝါးကလည်းမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွေလည်း မရှိတော့ မသေသင့်ဘဲ သေသွားကြရတယ်” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှာလည်း လုပ်ငန်းလည်ပတ်မှု ရပ်တန့်ထား၍ စစ်ဘေးရှောင်များအတွက် နစ်နာမှုများ ရှိနေသည်။

ယင်းအပြင် စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားမှုကြောင့် NGO၊ INGO နှင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ၏ လာရောက်အကူအညီပေးမှုကို မရရှိသဖြင့် စစ်ဘေးရှောင်များမှာ ပို၍အခက်ကြုံတွေ့နေကြသည်ဟု ဆိုသည်။

မောင်တောမြို့တွင် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက “အခု ပြည်ပကိုရောက်နေတဲ့ အသိမိတ်ဆွေ တွေကို အကူအညီတောင်းပြီး ဆန်ရိက္ခာထောက်ပံ့မှုတွေ လုပ်နေတာရှိတယ်။ ဒါပေမဲ့ စစ်ရှောင်တွေက အရမ်း များတော့ အဆင်မပြေဘူး။ တိုက်ပွဲကလည်း ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူများမှာ စားနပ်ရိက္ခာအကူအညီများ မရရှိပါက စားရေးသောက်ရေးနှင့် ပတ်သက်၍ ရေရှည်မှာ ပိုမိုအခက်အခဲရှိလာနိုင်ကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက ပြောဆိုထားကြသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၉ လနီးပါး ကြာမြင့်လာပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူဦးရေ ၆ သိန်းကျော်အထိရှိနေကာ စားနပ်ရိက္ခာ ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here