မြောက်ဦးမြို့လူစည်ကားရာနေရာကို စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

0
143

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကြက်ဈေးရပ်ကွက်၊ ရှစ်သောင်းဘုရားသွားသည့်လမ်း မြောက်ဦးဟိုတယ် လမ်းဆုံတွင် စစ်ကောင်စီက ဂျက်ဖိုင်တာဖြင့် ဗုံးလာကြဲသည့်အတွက် အရပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“လူ ၆ ယောက် အဲဒီနေရာမှာတင် ပွဲချင်းပြီးသေတယ်။ ၇ ယောက်ဒဏ်ရာရတယ်။ တာတိုပြေးဆွဲနေတဲ့ ကားနှစ်စီးလည်း လုံးဝပျက်စီးသွားတယ်။ အဲဒီကားတစ်စီးထဲမှာလည်း ခရီးသည် သားဖနှစ်ယောက် ပွဲချင်းသေသွားတယ်။ သေတာစုစုပေါင်းတော့ ၆ ယောက်” ဟု အခင်းဖြစ်ရာသို့သွားရောက်ကြည့်ရှုခဲ့သည့် မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီလေယာဉ်က ရှစ်သောင်းသွားသည့်လမ်း၊ မြောက်ဦးဟိုတယ်နှင့် ဦးဥတ္တမပန်းခြံ အနီးတဝိုက်သို့ ဗုံးတစ်လုံးလာကြဲသွားသည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူများမှာ အမျိုးသားများဖြစ်ပြီး ဗုံးကြဲခံခဲ့ရသည့်နေရာသည် ခရီးသွားကားများနှင့် ခရီးသည်များ၊ စျေးဆိုင်ခန်းများဖြင့် လူစည်ကားသည့်နေရာဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“အဲဒီနားမှာက လူစည်တယ်လေ။ အဲ့မှာ တစ်လုံးချပြီး အနီးအနားမှာ ဝဲနေခဲ့သေးတယ်” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူများတွင် စျေးဆိုင်ခန်းရောင်းချသူတချို့လည်း ပါဝင်ပြီး ကားများ၊ ဘေးတွဲဆိုင်ကယ်များ၊ အိန္ဒိယသုံးဘီး (တုတ်တုတ်) များနှင့် ဆိုင်ကယ်များလည်း ထိခိုက်ပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ ညဥ့် ၂ နာရီကျော်ခန့်တွင်လည်း မြောက်ဦးမြို့ အုတ်ဖိုကန်ကျေးရွာအနီးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရုံးအနီးသို့ စစ်ကောင်စီက Rocket ဒုံးဖြင့် နှစ်ကြိမ်တိုင် လာရောက်ပစ်သွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ အနီးသို့ စစ်ကောင်စီဂျက်ဖိုက်က ဗုံးနှစ်လုံးကြဲချခဲ့သည့်အတွက် ယင်းရွာမှ Grade 7 ကျောင်းသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားရုံးနောက်ဘက်သို့ စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချခဲ့ရာ၌ လူအထိအခိုက် တစုံတရာ မရှိခဲ့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here