KIO ထိန်းချုပ်နယ်မြေရှိ မိုင်ဆပ်ပါနှင့် နေရာ ၃ နေရာကို စစ်ကောင်စီက တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့

By MPM 8 ဩဂုတ်, 2024 👁 2

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ နေရာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း KIO ပြောသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများမှာ မိုင်ဆပ်ပါ (Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ် (Myo Thit) နှင့် ကုန်းလော (Kunglaw) နေရာတို့ဖြစ်ပြီး ဩဂုတ်လ ၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့ည ၁၂ နာရီနဲ့ ၁ နာရီကြားမှာပဲ လေယာဉ်က Y – 12 အမျိုးအစားလို့ ထင်ရတယ်။ လိုင်ဇာမြို့အနီး ပတ်ပတ်လည်ကို ဗုံးကြဲ တိုက်ခိုက်သွားတယ်။ မိုင်ဆပ်ပါမှာက ကချင် KBC ဘုရားကျောင်းဝင်းမှာလည်း ဗုံးကြဲတယ်။ ဘုရားကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှု ရှိတယ်။ ပြီးရင် အဲ့ဒီအနီးတဝိုက်က ပြည်သူနေအိမ် တစ်လုံးမှာလည်း ဗုံးကျလို့ အိမ်ပျက်စီးသွားတယ်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ထိခိုက်မှု ရှိခဲ့တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

မိုင်ဆပ်ပါကျေးရွာထဲက ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းထဲ လေယာဉ် ဗုံး ၃ လုံး ကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားသလို ထိုနေအိမ်ထဲရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ညာခြေထောက်တဖက်ကို ဗုံးစထိမှန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

မိုင်ဆပ်ပါကျေးရွာတွင် လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း ကျမှန်ပေါက်ကွဲခဲ့ပြီးနောက် နာရီပိုင်းအတွင်း လိုင်ဇာမြို့ ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားသိဟု ဆိုသည်။

ယင်းနောက် ထိုနေ့ မနက်စောပိုင်း ၁ နာရီဝန်းကျင် မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီး ဗုံးကြဲတိုက်ခိုက်သွားကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါသည်။

“လိုင်ဇာမြို့ကိုတော့ ဗုံးကြဲသွားတာ မရှိဘူး။ ပျံဝဲပြီး လှည့်ပတ်သွားတယ်။ ၁ နာရီလောက်မှာက မြို့သစ်၊ ကုန်လောဘက်ကို ပြန်ပြီး ဗုံးကြဲသွားတယ်” ၎င်းက ပြောသည်။

မြို့သစ်၊ ကုန်လောကျေးရွာ ၂ ရွာ လေကြောင်းပစ်ခတ်မှုတွင် အရပ်သား ပြည်သူ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး စုစုပေါင်း အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မြို့သစ် ၊ ကုန်းလောကို KIA ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် မတ်လတွင် သိမ်းပိုက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၆ လ ဝန်းကျင်ခန့်ကစ၍ မြစ်ကြီးနား – ဗန်းမော်သွားလမ်းတကြောရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက် တပ်စခန်ကြီးများအပါအဝင် တပ်စခန်း ရာနှင့်ချီကို လက်လွှတ်လိုက်ခဲ့ရသည့်အတွက် ယခုလို KIO ထိန်းချုပ်နေရာအနှံကို ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။