ပုလော မီးလောင်ချောင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

By MPM 8 ဩဂုတ်, 2024 👁 2

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက် မနက် အစောပိုင်းတွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။

တပ်အင်အား ၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ပူးပေါင်းတပ်စွဲထားသည့် မီးလောင်ချောင်းကျေးရွာတပ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များ ဝင်ရောက်ထိုးစစ်တိုက်ခိုက်မှုကြောင့် အချိန် ၂ နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သလို ဆက်လက်မခုခံနိုင်တော့သည့်အတွက် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ကျေးရွာအတွင်းရှိ စစ်တပ်ခံစစ်နေရာများဖြစ်သည့် စာသင်ကျောင်းအတွင်း တည်ဆောက်ထားသော ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေသည့် မီးလောင်ချောင်းကျေးရွာက ဒေသခံအရပ်သားပြည်သူများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် နှစ်ဖက်တိုက်ပွဲအတွင်း မီးလောင်ချောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါ။

လက်ရှိတွင် ပုလောအခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းက တပ်အင်အား ၃၀ ဝန်းကျင်ရောက်ရှိလာပြီး မီးလောင်ချောင်းတပ်စခန်း၌ ပြန်လည်တပ်စွဲထားသည်ဟု တော်လှန်ရေးအင်အားစုများ ပြောပြချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တပ်ရင်း (၇)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖနှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းစစ်ကြောင်းတို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့ကလည်း ပလမြို့မရဲစခန်းနှင့် ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံ ရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။