လားရှိုးဒေသခံစစ်ဘေးရှောင်တချို့ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြပြီဟုဆို

By MPM 8 ဩဂုတ်, 2024 👁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့် MNDAA တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဩဂုတ်လ ၃ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင် လားရှိုးဒေသခံတချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီဟု သိရသည်။

လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက “ကြားရသလောက်က တချို့က ပြန်ကြပြီတဲ့။ အခြေအနေက သွားနေလို့ တော့ မရသေးဘူး။ ဒါပေမယ့် အနေခက်တော့ ပြန်ကြတာလို့ကြားတယ်။ တချို့က သွားနေတာမဟုတ်ဘဲနဲ့ အိမ်ပြန်ကြည့်ကြတယ်လို့လည်း ပြောတယ်။ ပန်ရှောင်းဘက် နေသူတွေက ပြန်ဖို့ ပြောဆိုလာတာတော့ရှိတယ်။ ဒါပေမယ့် ကျမတို့က မပြန်ဖြစ်သေးဘူး” ဟု ပြောသည်။

လားရှိုးမြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က စတင်ပြီး ကိုးကန့် MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းတိုက်ပွဲ စတင်ဖော်ဆောင်လိုက်ပြီးနောက် မြို့တွင်းရပ်ကွက်နေ ပြည်သူများက ဇူလိုင်လ ၂၂ ရက်နေ့အထိ မြို့တွင်းကနေ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရေး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စသည့် နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

လားရှိုးမြို့တစ်ခုလုံး MNDAA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်လိုက်သည့် ရက်ပိုင်းအတွင်းမှာပင် ဒေသခံများ လားရှိုးမြို့ထဲသို့ ပြန်လည်ဝင်ရောက်လာကြခြင်းလည်းဖြစ်သည်။ ယခုလို လားရှိုးဒေသခံများ မြို့ထဲပြန်လာနေထိုင်ကြတာနှင့် ပတ်သက်ပြီး လားရှိုးဒေသခံ အမျိုးသားတစ်ဦးကလည်း အခုလို ဆက်ပြောသည်။

“ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်လာကြတာဟုတ်တယ်။ ပြန်ကြတယ်ဆိုပေမယ့် အားလုံးတော့ မဟုတ်သေးဘူး။ လားရှိုးအနီးမှာ တိမ်းရှောင်နေကြတဲ့ သူတွေလောက်ပဲ ပြန်ကြသေးတာပါ။ အဲဒါကြောင့် တချို့က ပစ္စည်းတွေ ပြန်သယ်ယူပြီး ထွက်လာတဲ့သူတွေလည်း ရှိသလို တချို့က အပြီးပိုင် ပြန်နေထိုင်ကြတာလည်းပါတယ်” ဟု ပြောသည်။

တိုက်ပွဲများ ငြိမ်သက်သွားပြီး မြို့ထဲကို ပြန်ဝင်လာကြသည့် ဒေသခံများသည် မိုင်းရေး (Maire) ၊ ဆင်လီ (Sinli)၊ ပန်ရှောင်း (Pang Shau) ၊ မုံးယော် စသည့် လားရှိုးမြို့နှင့်အနီးသို့ ထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ်ပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ကွတ်ခိုင် စသည့် မြို့ပေါ်ဘက်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူများက စစ်ရေးတည်ငြိမ်မှု မရှိသေးတာကြောင့် ပြန်လာရန် ခက်ခဲနေသေးကြောင်း သိရသည်။

လက်ရှိ၌ လားရှိုးမြို့တစ်ခုလုံးကို ကိုးကန့် MNDAA တပ်က သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်က စစ်လေယာဉ် လာရောက်ပျံဝဲတာ ရှိနေသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ရသေးသည်ဟု ဒေသခံများက ပြောသည်။

လားရှိုးတိုက်ပွဲအတွင်း လားရှိုးမြို့ထဲက ၁၂ ခုလောက်ရှိသည့် ရပ်ကွက်အားလုံးနီးပါးသည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်အတူ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲတာကြောင့် မြို့တွင်းရှိ ဒေသခံ ပြည်သူတို့နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

KNG ပေးပို့သည်။