ဂွမြို့နယ်တွင် စစ်ကောင်စီက ဒေသခံများကိုဖမ်းဆီးမှု ခပ်စိပ်စိပ်လုပ်ဆောင်နေ

By MPM 7 ဩဂုတ်, 2024 👁

စစ်ငွေ့သန်းလာသော ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးမှုများ ခပ်စိပ်စိပ်လုပ်နေပြီး တစ်ပတ်အတွင်း ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွာသစ်ကုန်းကျေးရွာတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၆ ရက်က လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်စဉ် အသက်မပြည့်သေးသည့် လူငယ် ၇ ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

“လမ်းသွားလမ်းလာတွေကို အကုန်လုံးစစ်ဆေးတယ်။ ဒူးထောက်ခိုင်းပြီး ရွာထဲကို AA ဝင်လား မေးမြန်းတယ်။ ပြီးရင် သေနတ်ဘောင်နဲ့ ရိုက်နှက်တာလည်း ရှိတယ်။ ဖမ်းဆီးခံရသူတွေက အသက် ၁၆ နှစ်လောက်ပဲ ရှိသေးတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဂွမြို့နယ်၊ ဂန့်ဂေါ်တောင်ကျေးရွာမှ ဒေသခံ ၆ ဦးကိုလည်း ဩဂုတ်လ ၁ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်နဲ့ ရပ်ကျေးအုပ်ချုပ်မှူးတစ်ယောက်ပါတယ်။ စစ်ဆေးစရာ ရှိတယ်ဆိုပြီး နေအိမ်ကနေ လာခေါ်သွားတာပါ။ အခုထိလည်း အဆက်သွယ်မရသေးပါဘူး” ဟု ပြောသည်။

ဦးပေါက်ကျိုင်း၊ ဦးအောင်ကြီး၊ ကိုဇင်မင်းထက်၊ ဦးသန်းလှိုင်ဌေးနှင့် ဒေါ်မြမြဝင်းနှင့် နောက်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဂွမြို့နယ်တွင် စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်မှုနှင့် လုံခြုံရေးတပ်ကြပ်ကာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေ၍ ဒေသခံအချို့မှာ ဧရာတီနှင့် ရန်ကုန်ဘက်သို့ တိမ်းရှောင်မှုများ ရှိနေသည်။

“ကျန်တဲ့သူတွေကတော့ တိုက်ပွဲဖြစ်တော့မှာလားဆိုပြီး အကုန်လုံး စိုးရိမ်တကြီးနဲ့နေရတာ။ အဖမ်းခံရမှာကိုလည်း ကြောက်နေရတယ်” ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင် သံတွဲမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အများအပြားရှိနေပြီး လမ်းခရီးသွားခွင့်၊ စားနပ်ရိက္ခာ သယ်ယူခွင့်ကို ကန့်သတ်ထား၍ ဒေသခံများ အခက်အခဲများ ကြုံနေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။