သံတွဲမှတ်ပုံတင်ကိုင်ဆောင်သူများ စစ်ကောင်စီက ရခိုင်ပြည်သို့ ဝင်လာခွင့်မပြု

By MPM 7 ဩဂုတ်, 2024 👁

ရခိုင်ပြည်၊ သံတွဲမြို့နယ် မှတ်ပုံတင်ကတ် ၁၁/ သတန (နိုင်) ကိုင်ဆောင်သူများအား ရခိုင်ပြည်သို့ ဝင်ရောက်ခွင့်ကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီနှင့် ရန်ကုန်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေသည့် သံတွဲဒေသခံများ ရခိုင်သို့ပြန်လာစဉ် စစ်ကောင်စီက ဝင်ခွင့်မပြု၍ လှည့်ပြန်ခဲ့ရကြောင်း ဧရာဝတီတွင် တိမ်းရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ ကိုယ့်ဒေသကို ပြန်မယ်ဆိုပြီး ဩဂုတ်လ ၅ ရက်နေ့က သွားတာ၊ အဝင်ဂိတ်ရောက်တော့ မှတ်ပုံတင်တွေ စစ်ဆေးတယ်။ ပြီးတော့ သံတွဲကလူတွေ ဝင်လို့မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျမတို့ ပြန်လှည့်လာခဲ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီတိုင်းမှ ရခိုင်ပြည်၊ ဂွမြို့နယ်သို့ ဝင်ရောက်ရာ ရခိုင်ရိုးမတောင်ကျော်လမ်းရှိ စစ်ဆေးရေးဂိတ်များက တားဆီးပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမှတ်ပုံတင် ကိုင်ဆောင်သူများကိုသာ ရခိုင်ပြည်သို့ ဝင်ခွင့်ပိတ်ပင်ထားခြင်းဖြစ်ပြီး အခြားမြို့နယ်မှဆိုလျှင် မှတ်ပုံတင်၊ ထောက်ခံစာပါလျှင် သွားလာခွင့်ပြုကြောင်း ဂွဒေသခံတစ်ဦးက ပြောသည်။

“ဂွမှတ်ပုံတင်နဲ့ဆိုတော့ မှတ်ပုံတင်၊ ထောက်ခံစာတွေပါရင် အဝင်အထွက် သိပ်အခက်မတွေ့ဘူး။ ဂွဒေသခံဆိုရင် ထွေအုပ်ရုံး လက်မှတ်ပါရင် အေးဆေးသွားလို့ရတဲ့ အနေအထားရှိတယ်။ သံတွဲကတော့ အထွက်ပဲရတယ်၊ အဝင် မရဘူး။ ပြည်မဘက်ကလာတဲ့ သံတွဲမှတ်ပုံတင်ကိုင်သူတွေ့တာနဲ့ ဖြတ်သွားခွင့် မပေးဘူး။ ကားအစီးလိုက် ပြန်လှည့်သွားတာတွေလည်း ကျနော်တို့တွေ့ခဲ့ရတယ်” ဟု အဆိုပါဂွဒေသခံက ပြောသည်။

စစ်ဘေးတိမ်းရှောင်နေကြသည့် သံတွဲဒေသခံများမှာ စားရေးသောက်ရေးနှင့် နေထိုင်မှုအခက်အခဲများကြောင့် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ရန်ကုန်ရောက် သံတွဲအမျိုးသမီးတစ်ဦးက “ ဒီမှာက ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တော့ ကြာကြာနေလို့လည်း အဆင်မပြေဘူး။ အလုပ်အကိုင်မရှိလည်း ကိုယ့်ဒေသမှာဆို အဆင်ပြေသလို ရှာဖွေစားသောက်လို့ရတယ်။ ဒါကြောင့် ပြန်လာဖို့လုပ်တာ။ အခု ဝင်ခွင့်မပေးတော့ ဒီမှာ အခက်အခဲအများကြီး ကြုံလာနိုင်တယ်” ဟု ပြောသည်။

ရခိုင်ဒေသ စစ်ရေးပဋိပက္ခကြောင့် ဘေးလွတ်ရာနေရာအသီးသီး၌ တိမ်းရှောင်နေကြသူ သိန်းနှင့်ချီရှိနေပြီး အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုကြား စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ကြုံတွေ့နေကြရသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းနှစ်ခုအပါအဝင် သံတွဲလေဆိပ်၊ သံတွဲမြို့နှင့် ငပလီဟိုတယ်ဇုန်တို့ကို AA က သိမ်းပိုက်ထားပြီး နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အောင်ထိန် (DMG) ပေးပို့သည်။