ထန်းတပင်မြို့၊ ဇရပ်ကြီးဒေသအတွင်း စစ်ကောင်စီက အင်အားရာနှင့်ချီသုံးပြီး အင်အားပြကင်းလှည့်စစ်ဆေးနေ

By MPM 7 ဩဂုတ်, 2024 👁

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များက အင်အားရာနှင့်ချီအသုံးပြုပြီး ကင်းလှည့်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဇရပ်ကြီးဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇရပ်ကြီးမြို့အတွင်းရှိ ကင်းမွန်ချုံ၊ ချောင်းခြား၊ ဒိုးတန်း အစရှိသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ဂိတ်ချခြင်း၊ ရွာအတွင်း အင်အားသုံး ကင်းလှည့်လည်ခြင်း၊ တပ်စွဲနေထိုင်ခြင်းတို့ကို ယခုနှစ်ဝက်အတွင်း ပိုမိုလုပ်ဆောင်လာသည့်အပြင် နေရပ်ပြန်နေထိုင်မှုများလာသည့် ဒေသခံစစ်ဘေးရှောင်များ ဖမ်းဆီးခံရမှုရှိနေသဖြင့် အသွားအလာ သတိထားနေရသည်ဟု ဒေသခံများက ပြောသည်။

“ဇရပ်ကြီးရွာလမ်းဘက်မှာလည်း ကင်းတွေချထားတယ် ချောင်းခြားမှာဆိုလည်း ညဘက် ညဘက် ရာနဲ့ချီပြီး ကင်းလှည့်သေးတယ်။ တချို့လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကိုဆို သူတို့သွားချင်တဲ့နေရာ လိုက်ပို့ခိုင်းတာမျိုးလုပ်တယ်” ဟု ဇရပ်ကြီးမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ကလည်း ဒိုးတန်းရွာတွင်ရောက်ရှိနေသော စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တချို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အသေအပျောက်ရှိခဲ့သဖြင့် ကင်မွန်းချုံကျေးရွာအုပ်စုဘက်သို့ ပြောင်းရွှေ့တပ်စွဲနေခြင်းဖြစ်နိုင်ကြောင်းလည်း ဇရပ်ကြီးနယ်ခံတချို့က သုံးသပ်ပြောသည်။

ဒိုးတန်းနှင့်ကင်းမွန်ချုံအုပ်စုအတွင်း တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ် ရောက်ရှိနေမှုကြောင့် အချို့ရွာခံများမှာ စိုးရိမ်ကြောက်လန့်သဖြင့် ဘေးလွတ်ရာ ဘုန်းကြီးကျောင်းသို့ ယာယီတိမ်းရှောင်ရောက်ရှိလာသည်ဟုလည်း ထိုကျောင်းတွင် သတင်းသုံးနေထိုင်သည့် သံဃာတော်တစ်ပါးကလည်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားသည်။

“ရွာခံတွေကတော့ အရင်လိုတောင်ငူမြို့အထိ မပြေးကြတော့ဘူး။ ညဘက်ဆို ဘုန်းကြီးကျောင်း ဒါမှမဟုတ် အမျိုးအိမ်တွေမှာ လိုက်အိပ်တယ်။ နေ့ဘက်မှ ရွာပြန်ပေါ့။ အခုထိတော့ ရွာကလူတွေကို ဖမ်းဆီးတာ မရှိသေးဘူး” ဟု ဇရပ်ကြီးနယ်ခံအမျိုးသားက ပြောသည်။

ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက မြို့တွင်းတိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အများအပြားခံခဲ့ရသဖြင့် ဒေသခံစစ်ဘေးရှောင် သောင်းနှင့်ချီသည် တောင်ငူမြို့ပေါ်သို့ ထွက်ပြေးကြရသည်။

ထိုစဥ်ကတည်းက ထန်းတပင် – တောင်ငူလမ်းပိုင်းပေါ် စစ်တပ်ဂိတ်စခန်းများမှ လူငယ်များအဝင်/အထွက် ပိုစစ်ခြင်း၊ ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလပိုင်းကလည်း ထန်းတပင်မြို့နယ် (၄) မိုင်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၉ မှ တပ်ဖွဲ့ဝင်များက ၎င်းတို့စခန်းရှိရာ လမ်းပေါ် ဖြတ်သန်းသွားသည့် ဆိုင်ကယ်စီးနင်းလာသူ လူငယ်အမျိုးသား ၂ ဦးအား ပစ်ခတ်ဖမ်းဆီးသဖြင့် ၁ ဦးသေဆုံးပြီး ၁ ဦးမှာ ဖမ်းဆီးနှိပ်စက်ခံလိုက်ရကြောင်း ကရင်လူ့အခွင့်အရေး အဖွဲ့-KHRG က ထုတ်ပြန်ချက်အရ သိရသည်။

KIC ပေးပို့သည်။