မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများအား မင်္ဂလာဒုံနိုင်ငံတကာလေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ဝန်ထမ်းများက နိုင်ငံကူးလက်မှတ်များကို လိုက်လံသိမ်းဆည်းနေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။
ဩဂုတ်လ ပထမပတ်အတွင်း တစ်ဦးချင်းခရီးသွားလာသူများသာမက ခရီးသွားအေဂျင်စီများနှင့် ချိတ်ဆက်သွားလာကြသူများကိုပါ လေဆိပ်တွင် နိုင်ငံကူးလက်မှတ်များ သက်တမ်းလွန်သည်ဟုဆိုကာ တားမြစ်နေခြင်းဖြစ်သည်။
“သူတို့စစ်တော့ ပတ်စ်ပို့သက်တမ်းလွန်နေတယ်တဲ့။ တကယ်လည်း Scan ဖတ်တော့ Invalid ဖြစ်နေတာကို တွေ့ရတယ်။ ဆိုတော့ ထိုင်းလေဆိပ်ရောက်ရင်လည်း အဲ့လိုပဲပြမှာ။ အဲ့ခါကျရင် အဖမ်းပါခံရမှာဆိုပြီး သိမ်းတာ။ ဒီနှစ်မှလုပ်ထားတဲ့ ပတ်စ်ပိုစ့်ပါ” ဟု ဩဂုတ်လ ၁ ရက်နေ့တွင် ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ပြောသည်။
အလားတူ ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများမှာလည်း ပြင်တွင်းပြန်ဝင်ခြင်း၊ တတိယနိုင်ငံသို့ကူးခြင်းများ ပြုလုပ်ရာတွင် သက်ဆိုင်ရာလေဆိပ်များ၌ စစ်ဆေးခံရသည့်အချိန်တိုင်း နိုင်ငံကူးလက်မှတ်မှာ သက်တမ်းလွန်သည်ဟု ဆိုကြသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွါမည့်သူများအား ၂၀၂၄ ခုနှစ် ဧပြီလကတည်းကစတင်၍ အကြောင်းအမျိုးမျိုးပြ တားဆီးခဲ့ပြီးဖြစ်ရာ နောက်ပိုင်းတွင်လည်း နှစ်နိုင်ငံသဘောတူညီချက် (MoU) စနစ်ဖြင့် လုပ်ကိုင်နေသူများကိုပါ မြန်မာနိုင်ငံရှိမိသားစုအား တရားဝင်ငွေလွှဲကြောင်း အထောက်ထားပြနိုင်ရမည်ဟု တင်းကြပ်ထားသည်။
အလုပ်အကိုင်အေဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက “သူတို့ (စစ်ကောင်စီ) ဖက်ကတော့ ပိတ်မှာပဲ။ အကုန်လုံးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အကုန်လုံးကို ပိတ်မရလို့ တတ်နိုင်သလောက်ကို ထိန်းထားမယ်။ ထွက်တဲ့လူ နည်းလာအောင်လုပ်မယ်။ အဲ့ထဲက ကံစမ်းမဲပေါက်သူကနေခဲ့ အဲ့သဘောပေါ့။ ကျမတို့ အေဂျင်စီတွေကတော့ မရခဲ့ဘူးဆိုရင် ထပ်တင်ပေးတယ်။ ငွေတော့ ပြန်မအမ်းဘူး” ဟု ပြောသည်။
လတ်တလော စစ်ကောင်စီက နိုင်ငံကူးလက်မှတ်လုပ်ရန်ယူရသည့် တိုကင်များကိုလည်း ထပ်မံပေးခြင်းမရှိတော့သည့်အပြင် ပွဲစားများဖြင့် ငွေကြေးမြောက်များစွာပေး၍ ဆောင်ရွက်နိုင်သည့် လမ်းကြောင်းကိုလည်း ရန်ကုန် – မန္တလေးမှအပ ပြည်နယ်နှင့်တိုင်းအချို့တွင် ပိတ်သိမ်းထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ်လုပ်သည့် ပွဲစားတစ်ဦးက “အရင်ကတော့ ယောက်ကျားလေးဆို PV မပေးဘူး။ အခုက ကျားရော၊ မရော၊ MOU ရော ပိတ်ပြီ။ တချို့ မိန်းကလေးတွေတော့ Tourist Visa မလျှောက်ဘဲ Vist ၁၄ ရက်နဲ့ ထွက်လာပြီးမှ ထိုင်းကနေတဆင့် ပြန်သွားကြတယ်။ တချိုလို့ပဲ ပြောတာနော် အာမခံချက်တော့မရှိဘူး။ ဟိုဘက်ကိုတော့ အပြန်လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင် ကြိုတင်ထားပေါ့” ဟု ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့က မင်္ဂလာဒုံလေဆိပ်တွင် နိုင်ငံကူးလက်မှတ် (ပတ်ပို့စ်) သက်တမ်းလွန်နေသူ အယောက် ၄၀ ကျော် ပြည်ပထွက်ခွါခွင့် ပိတ်သိမ်းခံခဲ့ရပြီး ၃ ရက်တာအတွင်း ပြည်ပလေဆိပ်များတွင် ပြည်ဝင်ခွင့်မရခဲ့သူ ၁၀ ဦးကျော်ခန့်ရှိခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
စစ်ကောင်စီသည် ထိုင်းနိုင်ငံမှ အာဏာပိုင်များကိုလည်း စစ်မှုထမ်းအတွက် ညှိနှိုင်းထားသည်ဖြစ်ရာ ထိုင်းရောက် အထောက်ထားမဲ့ မြန်မာများအတွက် ဇူလိုင်လအတွင်း တရားဝင်အထောက်အထား အလုပ်သမားကတ် ပြုလုပ်ပေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိ ဩဂုတ်လ ပထမပတ်အထိ မသေချာသေးသည့်အခြေအနေ ဖြစ်နေသည်ဟု အလုပ်သမားကတ်များလုပ်ပေးသည့် ပွဲစားများက ပြောဆိုသည်။
NMG ပေးပို့သည်။