ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာကို ရောက်ရှိနေသော လားရှိုးမှ စစ်ဘေးရှောင် အယောက် ၄၀၀ ကျော်အတွက် အကူအညီများ အရေးပေါ်လိုအပ်သည်ဟု အကူအညီပေးနေသူများက ပြောသည်။
အကူအညီပေးနေသူ ဝမ်စိမ်းကျေးရွာမှ အမျိုးသမီးတစ်ဦးက “ လားရှိုးက ခရစ်ယာန်တွေရောပါတယ်ပေါ့နော်။ နောက်ပြီးတော့ မိဘမဲ့ဂေဟာကရော ပါတယ်ပေါ့။ ဆိုတော့ လူမျိုးကတော့ ပေါင်းစုံဖြစ်နေတယ်။ အခုက အယောက် ၄၀၀ ကျော် ရှိတယ်။ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာ မရှိဘူး။ ရောက်လာတဲ့အခါကြတော့ ကမန်းကတမ်းနဲ့ နေရာချပေးထားရတာ ဖြစ်တဲ့အတွက် တချို့နေစရာ အဆင်ပြေတဲ့ အိမ်တွေမှာလည်း ထားပေးသလို မိဘမဲ့ဂေဟာကြတော့ အရမ်းများတယ်ပေါ့နော်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဖြစ်ပွားနေသည့် ရှမ်းမြောက်၊ လားရှိုးမြို့နယ်ထဲက တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုမှာ ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်သေးဟု အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။
ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာကို ရောက်ရှိနေသည့် လားရှိုးမြို့က စစ်ရှောင်များထဲတွင် မိဘမဲ့ဂေဟာနှစ်ခုမှ ကလေး အယောက် ၂၀၀ နီးပါးခန့် ပါဝင်ပြီး အခြားသောသူများမှာလည်း သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ ပါဝင်သည်ဟု အကူအညီပေးနေသူများက ပြောသည်။
သက်ကြီးရွယ်အိုများထဲတွင် နာတာရှည်ရောဂါသည်များ၊ ပုံမှန်ဆေးဝါးမှီဝဲနေရသူများလည်း ပါဝင်သောကြောင့် ဆေးဝါးအကူအညီများလည်း လိုအပ်နေကြသည်။
လိုအပ်ချက်များနှင့်ပတ်သက်၍ ဝမ်စိမ်းကျေးရွာခံ အမျိုးသမီးက “သူတို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာတာဖြစ်တဲ့ အတွက်ကြောင့် ကျမတို့က နေပြီးတော့ပေါ့နော် တစ်အိမ်နည်းနည်းစီ စောင်တွေ အခင်းတွေပေါ့နော် လူဦးရေက အရမ်းများတဲ့အတွက် ဆန်တွေကအစပေါ့နော် လိုအပ်ချက်တွေ အများကြီးဖြစ်နေတယ်။ ဒီနေရာက မြို့မဟုတ်ဘူးဆိုတော့လေ လှူမယ့်သူက မနိုင်ဘူးဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ ကျမတို့က လက်မခံလို့လည်းမရဘူး။ နေရာက အနီးဆုံးလို ဖြစ်နေတာပေါ့နော်” ဟု ပြောသည်။
“အသက်အရမ်း ကြီးတဲ့သူတွေ အသက် ၇၀ ကျော်တွေပါတယ်။ ဒီထဲမှာ ကင်ဆာသမားက လွန်ခဲ့တဲ့ ၄ ရက် လောက်တုန်းက ဆုံးသွားတာပေါ့နော်။ ကျမတို့ ဒီကနေပြီးတော့ ဝိုင်းပြီးသင်္ဂြိုလ်ပေးရတာပေါ့။ ဆေးကုသ နေရတဲ့ အနေထားမျိုး ရှိတယ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ဝမ်စိမ်းကျေးရွာသို့ ဇူလိုင်လ နောက်ဆုံးပတ်ထဲက ရောက်ရှိလာကြသည့် အဆိုပါစစ်ရှောင်များသည် ယခု ဩဂုတ်လ ၇ ရက်နေ့အထိ နေရပ်ကိုမပြန်နိုင်သေးဟု ဆိုကြသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားပြီ ဖြစ်သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုများရှိနေသေးကြောင့် မပြန်ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်သည်။
လားရှိုးမြို့တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့်နေရာများကို လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား စုစုပေါင်း ၁၃၃ ဦး သေဆုံးပြီး၊ ၁၇၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်ဖွဲ့ PSLF/TNLA က ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အလုံးရေ ၁၀၅ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု PSLF/TNLA က ဆိုသည်။
NMG ပေးပို့သည်။