စစ်ကောင်စီက ကျောက်မဲမြို့ရှိတပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေ

0
172

သျှမ်းပြည်၊ ကျောက်မဲမြို့တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများဖြစ်သော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ မကျဆုံးရေးအတွက် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က သြဂုတ် ၃ ရက်နေ့ကစတင်၍ ဝင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ကျောက်မဲမြို့ လက်ကျန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြားစေတီ အနီး၊ ဂေါက်ကွင်းအနီးနှင့် ခမရ – ၅၀၁ စခန်းအနီးသို့ နှစ်ရက်အတွင်း ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၁၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းတို့တပ်စခန်းသို့ ထောက်ပို့လေယာဉ် Y 12 ဖြင့် လက်နက်ခဲယမ်း ၂၂ ထုတ် လာရောက်ကြဲချခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

“အခုက ကျောက်မဲမှာက ရေရှည်နေလို့ မရတော့ဘူး။ တိုက်ပွဲက တော်တော်လေးကို ပြင်းနေတာ။ လက်နက်ကြီး တွေ လေယာဉ်တွေနဲ့ ပစ်နေကြတာ။ မြို့ထဲကို ဝင်လို့မရ၊ သွားလို့လည်းမရဘူး။ သွားချင်ရင် လူမှုကယ်ဆယ်ရေး ကားနဲ့ မနက် ၆ နဲ့ ၉ နာရီ အထိတော့ သွားလို့ရလောက်တယ်။ အခုက လုံးဝကို သွားလာလို့မရတော့ဘူး” ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ်များလည်း ထိခိုက်ပျက်စီးဆုံးမှု ရှိနေသကဲ့သို့ လူထိခိုက် သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အပါအဝင် တပ်စခန်းများစွာကို လက်လွတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်သည် မြေပြင်တွင် စစ်ကြောင်းထိုးပြီး တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်တော့သောကြောင့် လေကြောင်းကိုသာအားကိုး တိုက်ခိုက်နေရခြင်းဖြစ်သည်။

လက်ရှိ၌ ကျောက်မဲမြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲကြောင့် နှစ်ဖက်တိုက်ပွဲကြား သေဆုံးသွားသည့် အရပ်သားများရှိနေပြီး၊ မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင်ရှိနေသည်ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပါသည်။

“အခု ကျောက်မဲမြို့ပေါ်ရပ်ကွက် လမ်းကြိုလမ်းကြားမှာ မကောက်နိုင်တဲ့ လူသေအလောင်းတွေ ရှိတယ်။ တချို့ ပရဟိတအသင်းတွေ သွားကောက်လို့တောင် မရသေးဘူး။ လူသေအလောင်းတွေက ပုပ်သိုးနေပြီ၊ နံ့ဆော်နေတာပဲ” ဟု အဆိုပါဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက် စတင်ပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သားစုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here