တောင်ကြီးတွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်တချို့ ဘောလုံးကွင်းအတွင်း ဖမ်းဆီးခံရ

0
225
ပုံစာ- တောင်ကြီးမြို့ခံ MNL ဘောလုံးပွဲကြည်သူ့များ (Myanmar National League Page)

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ပြုလုပ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ဘောလုံးပြိုင်ပွဲကို လာရောက်ကြည့်ရှုသော ပရိတ်သတ်များထဲမှ လူငယ် ၁၀ ဦးနီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု မြို့ခံများပြောဆိုမှုအရ သိရသည်။

ထိုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက “ကောင်လေးတစ်ယောက်ကို တစ်ပွင့်နဲ့ရဲက သေနတ်နဲ့ချိန်ပြီးတော့ လာခေါ်သွားတာ။ ကောင်လေးကလည်း ရုန်းပေမယ့် ပါသွားတာပဲ၊ လူတွေကလည်း ကြည့်ပဲကြည့်နေနိုင်တယ်။ သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘယ်သူကမှ ဘာမှမလုပ်ရဲကြဘူး” ဟု ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပြည်နယ်အားကစားကွင်းတွင်ပြုလုပ်သည့် ဘောလုံးပွဲကို လာရောက်ကြည့်ရှုနေသော လူငယ်တချို့ကို လုံခြုံရေးယူထားသည့်ရဲများက လာရောက်ခေါ်ဆောင်သွားကြောင်း ဘောလုံးပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံများက ပြောဆိုသည်။

“ဆဲလို့ဖမ်းတာလား ဘီယာသောက်လို့ ဖမ်းတာလားပေါ့၊ ဆဲရင်လည်း တကွင်းလုံးဆဲနေတာပဲ။ ဘောလုံးပွဲဆိုတော့ ထုံးစံပဲလေ အားပေးကြရင်း အော်ကြဟစ်ကြတာပုံမှန်ပါပဲ။ ဘီယာတွေဘာတွေလည်း အဝင်မှာ သူတို့စစ်တယ်။ ခုက မျက်စိရှေ့တင် ဘာမှမပြောဘဲ လာဆွဲခေါ်သွားတယ်။ ၁၀ ယောက်နီးပါးရှိတယ်” ဟု ဘောလုံးပွဲသွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့၏ ဘောလုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုသူများပြားပြီး ကွင်းအပြည့် လာရောက်ကြည့်ရှုခဲ့ကြကြောင်း ၎င်းကပြောပါသည်။

အဆိုပါလူငယ်များ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့်ပတ်သတ်၍လည်း ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည်။

စစ်ကောင်စီက ယင်းသို့မတရားဖမ်းဆီးမှု၊ စစ်မှုထမ်းရန် တပ်သားစုဆောင်းမှုများကြောင့် မြန်မာနိုင်ငံတွင်းမှ လူငယ်များသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများရှိသလို၊ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်သွားကြသူများလည်း ရှိနေသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here